close

နှစ်သစ်ကူးအကြို ၆ တန်နီးပါးရှိ ဘောလုံး နယူးယောက် Times Square တွင် လွှင့်တင်

နယူးယောက်စီးတီးရဲ့မြို့လယ် မန်ဟက်တန်ရပ်ကွက်ရှိ  One Times Square မိုးမျှော်အဆောက် အအုံရဲ့ ပေ ၁၃၀ မြင့်တဲ့ တိုင်ထိပ်ကို Times Square နှစ်သစ်ကူးအကြိုဘောလုံးကို ဒီဇင်ဘာ ၃၀ ရက်က လွှင့်တင်လိုက်ပါတယ်။ 

ဒီဇင်ဘာ ၃၁ ရက်မှာ ကျင်းပတဲ့ နှစ်သစ်ကူးအခမ်းအနားကြီး မတိုင်ခင် စမ်းသပ်မှုအနေနဲ့ လွှင့်တင်လိုက်တာပါ။ 

“Time Square ဘောလုံးဟာ ဒီဇင်ဘာ ၃၁ ရက်အတွက် အဆင်သင့် ဖြစ်နေပါပြီ။ အဲဒီဘောလုံးဟာ လှပစွာ လင်းထိန်နေပါတယ်”လို့ CountDOWN ဖျော်ဖြေရေးဥက္ကဋ္ဌ Jeffrey Straus က ပြောပါတယ်။ 

နှစ်သစ်ကူးချိန်ကို စောင့်ပြီး စက္ကန့်ချိန်တွေ ရေတွက်ပေးတဲ့ ကောင့်ဒေါင်း ဖျော်ဖြေရေးကို ဦးစီးတဲ့ ပွဲစီစဉ်သူ Jeffrey Straus ဟာ ကောင့်ဒေါင်းခလုတ်ကို နှိပ်ဖို့ နာမည်ကြီးစားဖိုမှူး Emeril Lagasse အပါအဝင် အဖွဲ့တခုကလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။ 

အချင်း ၁၂ ပေကျော်ရှိတဲ့ Time Square ဘောလုံးဟာ အလေးချိန် ၆ တန်နီးပါးရှိပါတယ်။

အဲဒီဘောလုံးကို စွမ်းအင်သက်သာတဲ့ LED မီးလုံး ၃ သောင်း ၂ ထောင်ကျော်နဲ့ ထွန်းညှိထားပြီး ဖန်မီးဆိုင်း တြိဂံပုံဆောင်ခဲ ၂ ထောင်‌ကျော်နဲ့ စီခြယ်ထားပါတယ်။ 

ဒီဘောလုံးဟာ ပက်တန် ပုံစံပေါင်း သန်းနဲ့ချီပြီး ဖန်တီးပြသနိုင်ပါတယ်။ Times Square နှစ်သစ်ကူးကြိုဆိုပွဲ အခမ်းအနားမှာပါဝင်သူတွေဟာ အဲဒီနေရာမှာ ကိုဗစ်ကန့်သတ်ချက်မရှိဘဲ ၂၀၂၃ နှစ်သစ် ကူးပြောင်းရာမှာ အတူပါဝင်နိုင်တယ်လို့လည်း ဆိုပါတယ်။

ကပ်ရောဂါမတိုင်ခင်က လူပေါင်း ၆ သောင်းလောက် လာဆင်နွှဲကြပေမယ့် မနှစ်ကတော့ လူ ၁ သောင်းခွဲလောက်ပဲ လာရောက်ခဲ့ကြပါတယ်။

 “ဒီနှစ်မှာတော့ Times Square မှာ အောင်ပွဲခံဖို့ ပြန်ရောက်လာပါပြီ။ ကမ္ဘာတစ်ဝှမ်းက လူပေါင်း တစ်ဘီလီယံကျော်က အဲဒီအချိန် စတုရန်းဘောလုံးကို စမ်းသပ်ကြည့်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ သန်းခေါင်ယံမှာ တစ်ကမ္ဘာလုံးက လူတွေနဲ့ တစ်ခဲနက် ရေတွက်ရတော့မယ့်အချိန်ပါ။ အနာဂတ်အတွက် ချစ်ခြင်းမေတ္တာနဲ့ မျှော်လင့်ချက်တွေ ပြည့်နှက်နေမှာပါ”လို့ Straus က Reuters နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up