ဘရာဇီးတွင် အိုမီခရွန်ကူးစက်ခံ လူနာတွေ့ရှိ၊ နှစ်သစ်ကူးအကြိုညပွဲ ဖျက်သိမ်း

ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲသစ် အိုမီခရွန် ကူးစက်ခံ ပထမဆုံးလူနာကို အစိုးရက အတည်ပြုအပြီး နှစ်သစ်ကူးအကြိုည ပွဲတော်တွေကို ရီယိုဒီဂျနေရို မြို့တော်ဝန်က ဖျက်သိမ်းလိုက်ပါတယ်။
ပွဲတော်တွေ ဖျက်သိမ်းဖို့ ရီယိုဒီဂျနေရို ပြည်နယ်အတွက် ထောက်ခံချက်တွေကို လိုက်နာမယ်လို့ မြို့တော်ဝန်က ဒီဇင်ဘာ ၄ ရက်မှာ ပြောပါတယ်။
ကမ္ဘာကျော် ကိုပါကာဘာနာ ကမ်းခြေက မီးရှူးမီးပန်းတွေကို ကြည့်ဖို့ သန်းချီတဲ့ ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ရာ ကမ်းခြေ ပွဲတော်တွေကို ဖျက်သိမ်းလိုက်တာပါ။
ဒီသတင်းဟာ အံ့ဩစရာ မဟုတ်ပေမဲ့ ကမ်းခြေက ခရီးသွားလုပ်ငန်းကို မှီခိုနေတဲ့ ဒေသခံတွေအထိ အကြီးစား စီးပွားရေး ထိုးနှက်ချက် ဖြစ်လာပါတယ်။
ဘရာဇီးနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူ ၆၁၅၀၀၀ ကျော် သေဆုံးခဲ့ပြီး အမေရိကန် ပြီးရင် ကမ္ဘာ့ ဒုတိယကူးစက်ခံ သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။