close

မြန်မာဘက်မှ မှောင်ခိုတင်သွင်းလာသည့် ကျွဲနွားကောင်ရေ ၉၀ ခန့် ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ ဖမ်းမိ

မြန်မာ-ထိုင်းနယ်စပ်၊ ပရာကျွတ်ခီရီခမ်ခရိုင်မှာ နယ်မြေတာဝန်ထမ်းဆောင်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို မှောင်ခိုတင်သွင်းလာတဲ့ ကျွဲနွားကောင်ရေ ၉၀ နီးပါးကို ဇန်နဝါရီ ၇ ရက်က  ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြတယ်။

ထပ်စာခဲမြို့နယ်ရဲ့ လက်အောက်ခံ ဟွိုင်ယန်းမြို့နယ်ခွဲမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ကင်းလှည့်စစ်ဆေးနေချိန်မှာ မှောင်ခိုတင်းသွင်းလာတဲ့ ကျွဲနွား ၈၆ ကောင်ကို တားဆီးစစ်ဆေးရာကနေ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း ကင်းအဖွဲ့ ၁၄၆ ရဲ့ ခေါင်းဆောင်ဖြစ်သူ ဒုရဲမှူးကြီး တာဝီပနိုင်က ပြောပါတယ်။ 

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံတောင်ပိုင်းက ဝယ်သူတွေဆီကို တိရစ္ဆာန်တွေ နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှုတွေရှိနေကြာင်း သတင်းရထားတာကြောင့် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးဆောင်ရွက်နေကြတာလို့ သူကပြောပါတယ်။ 

သဘာဝနယ်စပ်ဖြတ်လမ်းမှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာတွေကနေတဆင့် ဘယ်နိုင်ငံသားမှန်းမသိရသူ သုံးဦးက ယာယီတင်းကုပ်ထဲ နွားတွေ မောင်းသွင်းနေတာကို အာဏာပိုင်တွေက မြင်တွေ့သိရှိခဲ့ကြတာဖြစ်ပါတယ်။

အာဏာပိုင်တွေ ချဉ်းကပ်လာစဉ်မှာတော့ အဲဒီသုံးဦးဟာ တောထဲကို ထွက်ပြေးသွားခဲ့ကြပြီး လွတ်မြောက်နေဆဲဖြစ်တယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ 

ဖမ်းမိတဲ့ ကျွဲနွားအုပ်ကို ရေတွက်ကြည့်ရာမှာ ကျွဲ ၈၄ ကောင်နဲ့ နွား ၂ ကောင်ပါဝင်ပြီး သူတို့ဟာ မြန်မာနိုင်ငံဘက်က ဖြစ်တယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က စစ်ဆေးအတည်ပြုပြောကြားခဲ့ပါတယ်။ 

ဖမ်းဆီးရမိတဲ့ တိရစ္ဆာန်တွေဟာ အာဟာရချို့တဲ့နေပြီး မှောင်ခိုသမားတွေက ဖြစ်သလိုထားခဲ့ကြတာဖြစ်ပါတယ်။ သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ထားဖို့ ဒေသခံ တိရစ္ဆာန်ကွာရန်တင်းစင်တာကို ခေါ်ဆောင်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

မှောင်ခိုတင်သွင်းလာသူ သုံးဦးကို ဖမ်းမိခဲ့မယ်ဆိုရင်တော့ အကောက်ခွန်မဆောင်ဘဲ ကျွဲနွားတရားမဝင်ကူးသန်းရောင်းဝယ်မှုအပြင် ၂၀၁၅ ခုနှစ်မှာထုတ်ပြန်ထားတဲ့ တိရစ္ဆာန်ရောဂါထိန်းချုပ်ရေး ဥပဒေနဲ့ပါ တရားစွဲဆိုအပြစ်ပေးခံရမယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ 

Ref-Bangkokpost

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up