အာဆီယံထိပ်သီးအစည်းအဝေးပွဲမတိုင်ခင် အကြိုအစည်းအဝေးတွေဖြစ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ၊ အာဆီယံ နိုင်ငံရေး-လုံခြုံရေးအသိုက်အဝန်း ကောင်စီအစည်းအဝေးနဲ့ အာဆီယံပေါင်းစပ် ညှိနှိုင်းရေးကောင်စီ အစည်းအဝေးတွေကို အင်ဒိုနီးရှားနိုင်ငံ လာဘူအန်ဘာဂျိုမြို့မှာ မေ ၉ ရက် ဒီကနေ့ ကျင်းပရာမှာ မြန်မာစစ်ကောင်စီခန့် ဝန်ကြီး ပါဝင်တက်ရောက်ခွင့်မရခဲ့ပါဘူး။
အာဆီယံထိပ်သီးအစည်းအဝေးပွဲနဲ့ ဆက်စပ်အစည်းအဝေးတွေကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတာဖြစ်ပြီး မနက်ဖန်မှာ အာဆီယံ ခေါင်းဆောင်တွေတက်ရောက်မယ့် ထိပ်သီးအစည်းအဝေးကို ဆက်လက်ကျင်းပဖို့ရှိပါတယ်။
PHOTO-ASEAN
ကမ္ဘာ့လူဦးရေ တိုးပွားလာမှုကြောင့် အချိန်တိုအတွင်း ပြင်းထန်တဲ့ စားနပ်ရိက္ခာ မလုံခြုံမှုနဲ့ ကြီးကြီးမားမား ရင်ဆိုင်နေရပြီလို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) မှ ဘောဂဗေဒပညာရှင်တဦးက သတိပေးခဲ့ပါတယ်။
FAO ရဲ့ စီးပွားရေးပညာရှင် မက်ဆီမို တိုရေရိုက ကမ္ဘာလုံးဆိုင်ရာ လက်ရှိ စားနပ်ရိက္ခာ အကျပ်အတည်းရဲ့ အကြောင်းရင်းနဲ့ အကျိုးဆက်တွေကို နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗွီဒီယိုကတဆင့် ဖော်ပြခဲ့တာပါ။
ကုလသမဂ္ဂနဲ့ အီးယူတို့က ထူထောင်ထားတဲ့ နိုင်ငံတကာမဟာမိတ်အဖွဲ့တခုက မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်း ၂၀၂၃ အစီရင်ခံစာအရ မနှစ်က လူပေါင်း ၂၅၈ သန်းလောက်ဟာ အရေးပေါ် စားနပ်ရိက္ခာအကူအညီ လိုအပ်ခဲ့ပြီး အရင်နှစ်က လိုအပ်သူဦးရေ ၁၉၃ သန်းထက် ပိုများလာတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။
“အခုဆိုရင် လူဦးရေဟာ ပြင်းအားသာမကဘဲ ပျံ့နှံ့မှုမှာလည်း ပြင်းထန်တဲ့ စားနပ်ရိက္ခာ မလုံခြုံမှုကို မြင့်မြင့်မားမား ရင်ဆိုင်နေရပါတယ်။ ပြင်းအားအရ အကြီးဆုံး စားနပ်ရိက္ခာ အကျပ်အတည်း ၁၀ နိုင်ငံကိုကြည့်ရင် ပထမနိုင်ငံကတော့ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ DRC ဖြစ်လာမှာပါ။ ဒုတိယနိုင်ငံကတော့ အီသီယိုးပီးယား၊ အဲဒီနောက် အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယား၊ ယီမင်၊ မြန်မာ၊ ဆီးရီးယား အာရပ်သမ္မတနိုင်ငံ၊ ဆူဒန်၊ ယူကရိန်းနဲ့ ပါကစ္စတန်တို့ ဖြစ်လိမ့်မယ်”လို့ တိုရီရိုက ပြောခဲ့ပါတယ်။
ဘောဂဗေဒပညာရှင်ရဲ့ အဆိုအရ စားနပ်ရိက္ခာ အကျပ်အတည်းဒဏ် ခံရတဲ့ နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ လူပေါင်း ၅၃ သန်းကျော် ပြည်တွင်း အိုးအိမ်စွန့်ခွာခဲ့ရပြီး ကမ္ဘာတဝန်းရှိ လူ ၁၉ သန်းကျော်ဟာ စားနပ်ရိက္ခာ အကျပ်အတည်းဒဏ်ခံရတဲ့ နိုင်ငံ ၅၅ နိုင်ငံမှာ ဒုက္ခသည်တွေ ဒါမှမဟုတ် ခိုလှုံခွင့် ရှာဖွေသူတွေ ဖြစ်လာခဲ့ကြပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့တောင်ဘက် မဟာဝမ်းတိုက်နယ်မှာ မြန်မာနိုင်ငံသားအချင်းချင်း လူသတ်မှုဖြစ်ပွားခဲ့ကြောင်း မဲဆောက်ရဲစခန်းကို မေလ ၇ ရက် မနက် ၇ နာရီလောက်မှာ တိုင်ကြားလာတယ်လို့ ရဲစခန်းကနေသိရပါတယ်။
ရပ်ကွက် ၁၂ ရှိ အိမ်နံပါတ်မရှိတဲ့ နေရာတနေရာမှာဖြစ်ပွားတဲ့ အဆိုပါလူသတ်မှုကို ထိုင်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ သေဆုံးသူဟာ မြန်မာနိုင်ငံသား ကိုသန့်ဇင်အောင် ဖြစ်ပြီး ခန္ဓာကိုယ်မှာ ဓားချွန်နဲ့ ထိုးသတ်ခံထားရတာကို စစ်ဆေးတွေ့ရှိပါတယ်။
တရားခံလို့ သံသယရှိတဲ့ ဦးငွေနိုင် အသက် ၅၀ ကတော့ ကိုသန့်ဇင်အောင်ကို သူဓားနဲ့ ထိုးသတ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကိုဝန်ခံ ပြောပြသွားပါတယ်။
လူသတ်မှုဖြစ်ပွားရာမှာ အသုံးပြုတဲ့ ဓားချွန် အလျား ၁၀ လက်မ တလက်ကို ရဲက သိမ်းဆည်းထားပြီး လူသတ်မှုကျူးလွန်သူလို့ သံသယရှိသူကိုတော့ ဓားနဲ့ထိုးသတ်မှု၊ ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်မှု ၂ မှုနဲ့ မဲဆောက်မြို့ ရဲစခန်းက အမှုဖွင့် စစ်ဆေးရာနေပြီး ထိုင်းနိုင်ငံရဲ့ တရားဥပဒေအတိုင်း အရေးယူသွားဖို့ ရှိနေပါတယ်။