close

ဖီဖာအကောင်းဆုံးဆု ဆန်ခါတင်စာရင်းတွင် အာဂျင်တီးနားအသင်းသား အများအပြားပါဝင်

အာဂျင်တီးနား ကစားသမားတွေဟာ ဒီနှစ် ကမ္ဘာ့ဖလား ရရှိခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာအကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းတွေမှာ အများအပြား ပါဝင်လာပါတယ်။

အဲဒီထဲမှာ ရှေ့တန်းတိုက်စစ်မှူးတွေဖြစ်ကြတဲ့ လီယွန်နယ် မက်ဆီနဲ့ ဂျူလီယန် အယ်လ်ဗာရက်စ်၊ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်နဲ့ အသင်းနည်းပြ လီယွန်နယ် စကယ်လိုနီတို့လည်း နေရာအမျိုးအစားအလိုက် ဆန်ခါတင်စာရင်းတွေမှာ ပါဝင်ခဲ့ကြပါတယ်။

မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းဖော် အမ်ဘာပေနဲ့အတူ မန်ချက်စတာစီးတီးအသင်းက အာလင်း ဟာလန်းလည်း ဖီဖာအကောင်းဆုံးဘောလုံးသမားဆုအတွက် နောက်ဆုံး ၁၄ ယောက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ဇန်နဝါရီ ၁၂ ရက်မှာ ပြောပါတယ်။

မနှစ်က ဖီဖာအကောင်းဆုံး ဘောလုံးသမားဆုရှင် ရော်ဘတ် လီဝန်ဒေါစကီးနဲ့အတူ မန်စီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကီဗင်ဒီဘရိုင်း၊ လီဗာပူးက မိုဟာမက် ဆာလာ၊ PSG တိုက်စစ်မှူး နေမာ၊ ဟာကီမီ တို့နဲ့အတူ ၂၀၂၂ ခုနှစ် ဘလွန်းဒီအောဆုရှင်ဖြစ်တဲ့ ကာရင်မ် ဘန်ဇီမာလည်း ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

လီဗာပူးဂိုးသမား အယ်လီဆန် ဘက်ခ်ကာ၊ ရီးရဲယ်မက်ဒရစ် ဂိုးသမား သီဘော့ဂ် ကော်တွိုက် တို့နဲ့အတူ အက်စ်စတွန်ဗီလာအသင်းရဲ့ အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်က ဖီဖာအကောင်းဆုံးဂိုးသမားဆု ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တာပါ။

ဖီဖာအကောင်းဆုံးနည်းပြဆုရဲ့ ဆန်ကာတင်စာရင်းမှာတော့ အောင်မြင်မှုအသီးသီး ရယူနိုင်ခဲ့တဲ့ အန်ဆယ်လော့တီ၊ ပက်ပ် ဂွါဒီယိုလာ၊ စကယ်လိုနီ၊ ဒီဒီ ရာ ဒက်စ်ချမ့်စ်တို့နဲ့အတူ မော်ရိုကိုအသင်းနည်းပြ ဝါလစ်တ် ရီဂရက်ဂီလည်း ပါဝင်လာခဲ့ပါတယ်။

ဖီဖာကတော့ နေရာအမျိုးအစားအလိုက် နောက်ဆုံး ဆန်ခါတင် ၃ ဦးစာရင်းကို လာမယ့် ဖေဖော်ဝါရီလ အစောပိုင်းမှာ ကြေညာသွားမယ်လို့လည်း ဆိုပါတယ်။

ဒီနှစ်အတွက် အလှဆုံး သွင်းဂိုးဆု ပူကတ်စ် ဆန်ခါတင်စာရင်းမှာပါဝင်တဲ့ ကစားသမား ၁၁ ဦးကိုလည်း ဖီဖာက ကြေညာခဲ့ပြီး အဲ့ဒီထဲမှာ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲစဉ်အတွင်း အာဂျင်တီးနားဘက်ကို သွင်းယူခဲ့တဲ့ အမ်ဘာ‌ပေရဲ့ မြေမကျသွင်းဂိုးလည်း တခုအပါအဝင် ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up