ပင်စင်စနစ်ပြောင်းလဲမှုအပေါ် ပြင်သစ်နိုင်ငံသားများ ၁ သန်းကျော် လမ်းပေါ်ထွက် ဆန္ဒပြ

ပြင်သစ်နိုင်ငံသား ၁ သန်းကျော်ဟာ အစိုးရရဲ့ အငြင်းပွားစရာ ပင်စင်စနစ် ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ကန့်ကွက်ဖို့ ဇန်နဝါရီလ ၁၉ ရက်မှာ နိုင်ငံအနှံ့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
ပြင်သစ်နိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကတော့ နိုင်ငံတစ်ဝန်း ဆန္ဒပြသူ အရေအတွက်ဟာ ၁ ဒသမ ၁၂ သန်း လောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ပြင်သစ်ရဲ့ အကြီးဆုံးအလုပ်သမားသမဂ္ဂဖြစ်တဲ့ အလုပ်သမားရေးရာအဖွဲ့ချုပ် (CGT) က ပါရီမြို့ တခုတည်းမှာတင် မကျေနပ်မှုတွေကို ထုတ်ဖော်ခဲ့တဲ့ ဆန္ဒပြသူ ၄ သိန်းလောက်အထိ များပြားနိုင်တယ်လို့ ခန့်မှန်ထားပါတယ်။
နိုင်ငံတဝန်း ဆန္ဒပြပွဲပေါင်း ၂၀၀ ကျော်လောက် ရှိမယ်လို့ CGTက ဆိုပါတယ်။ ဆန္ဒပြပွဲ ရလဒ်အနေနဲ့ ပြင်သစ်နိုင်ငံက ရထားခရီးစဉ်အများအပြား ဖျက်သိမ်းလိုက်ရပြီး ပါရီမြို့က မြေအောက်ရထား ပြေးဆွဲမှုတွေလည်း ပြတ်တောက်ခဲ့ပါတယ်။
နိုင်ငံပိုင် ရထားအော်ပရေတာ SNCF က မြန်နှုန်းမြင့်ရထား ၅ စီးမှာ ပြေးဆွဲမှု ၁ စီး ရှိရာကနေ ရထား ၃ စီးမှာ ၁ စီးသာ ပြေးဆွဲဖြစ်ကြောင်း၊ ဒေသဆိုင်ရာ ရထားတွေက ကြာသပတေးနေ့မှာ ၁၀ စီးမှာ ၁ စီးသာ ပြေးဆွဲမှာဖြစ်ကြောင်း ဒီနေ့အစောပိုင်းက ပြောပါတယ်။
ဇန်နဝါရီလ ၁၀ ရက်က ပြင်သစ်ဝန်ကြီးချုပ် အဲလီစဘသ်ဘွန်းဟာ နိုင်ငံမှာ အငြင်းပွားစရာ ပင်စင် ပြောင်းလဲမှု အစီအစဉ်အသေးစိတ်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဒီအစီအစဉ်ထဲမှာ တရားဝင်အငြိမ်းစားယူနိုင်တဲ့ အသက်အရွယ်ကို တစ်နှစ်ကို ၃ လ ဖြည်းဖြည်းချင်း တိုးသွားပြီးတော့ ၂၀၃၀ ပြည့်နှစ်မှာ အသက် ၆၂ နှစ်ကနေ ၆၄ နှစ်အထိ အဆင့်ဆင့် ပြောင်းလဲ သွားမှာဖြစ်ပြီး အာမခံထားတဲ့ အနိမ့်ဆုံးပင်စင် ထည့်သွင်းပေးမှာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို ၂၀၂၇ ခုနှစ်မှာ စတင်မှာဖြစ်ပြီး ပြည်သူတွေဟာ ပင်စင်အပြည့်ရဖို့အတွက် ၄၃ နှစ်ကြာ အလုပ်လုပ်ရမှာဖြစ်တယ်လို့ ဘွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
၂၀၁၉ ခုနှစ်ကလည်း ပြင်သစ်နိုင်ငံမှာ ပင်စင်စနစ် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆန္ဒပြပွဲတွေ လုပ်ခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ လူဦးရေ ၈ သိန်း လောက်ပဲ ပါဝင်ခဲ့ကြတာလို့ ပြည်ထဲရေး ဝန်ကြီးဌာနကနေ သိရပါတယ်။