close

ပြင်သစ်နိုင်ငံသား

close

January 21, 2023

ပင်စင်စနစ်ပြောင်းလဲမှုအပေါ် ပြင်သစ်နိုင်ငံသားများ ၁ သန်းကျော် လမ်းပေါ်ထွက် ဆန္ဒပြ

ပြင်သစ်နိုင်ငံသား ၁ သန်းကျော်ဟာ အစိုးရရဲ့  အငြင်းပွားစရာ ပင်စင်စနစ် ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ကန့်ကွက်ဖို့ ဇန်နဝါရီလ ၁၉ ရက်မှာ  နိုင်ငံအနှံ့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကတော့ နိုင်ငံတစ်ဝန်း ဆန္ဒပြသူ အရေအတွက်ဟာ ၁ ဒသမ ၁၂ သန်း လောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ 

ပြင်သစ်ရဲ့  အကြီးဆုံးအလုပ်သမားသမဂ္ဂဖြစ်တဲ့ အလုပ်သမားရေးရာအဖွဲ့ချုပ် (CGT) က ပါရီမြို့ တခုတည်းမှာတင် မကျေနပ်မှုတွေကို ထုတ်ဖော်ခဲ့တဲ့ ဆန္ဒပြသူ ၄ သိန်းလောက်အထိ များပြားနိုင်တယ်လို့ ခန့်မှန်ထားပါတယ်။ 

နိုင်ငံတဝန်း ဆန္ဒပြပွဲပေါင်း ၂၀၀ ကျော်လောက် ရှိမယ်လို့ CGTက ဆိုပါတယ်။ ဆန္ဒပြပွဲ ရလဒ်အနေနဲ့ ပြင်သစ်နိုင်ငံက ရထားခရီးစဉ်အများအပြား ဖျက်သိမ်းလိုက်ရပြီး ပါရီမြို့က မြေအောက်ရထား ပြေးဆွဲမှုတွေလည်း ပြတ်တောက်ခဲ့ပါတယ်။ 

နိုင်ငံပိုင် ရထားအော်ပရေတာ SNCF က မြန်နှုန်းမြင့်ရထား ၅ စီးမှာ ပြေးဆွဲမှု ၁ စီး ရှိရာကနေ ရထား ၃ စီးမှာ ၁ စီးသာ ပြေးဆွဲဖြစ်ကြောင်း၊ ဒေသဆိုင်ရာ ရထားတွေက ကြာသပတေးနေ့မှာ ၁၀ စီးမှာ ၁ စီးသာ ပြေးဆွဲမှာဖြစ်ကြောင်း ဒီနေ့အစောပိုင်းက ပြောပါတယ်။ 

ဇန်နဝါရီလ ၁၀ ရက်က ပြင်သစ်ဝန်ကြီးချုပ် အဲလီစဘသ်ဘွန်းဟာ နိုင်ငံမှာ အငြင်းပွားစရာ ပင်စင် ပြောင်းလဲမှု အစီအစဉ်အသေးစိတ်ကို ထုတ်ပြန်ခဲ့ပါတယ်။ 

ဒီအစီအစဉ်ထဲမှာ တရားဝင်အငြိမ်းစားယူနိုင်တဲ့ အသက်အရွယ်ကို  တစ်နှစ်ကို ၃ လ ဖြည်းဖြည်းချင်း တိုးသွားပြီးတော့  ၂၀၃၀ ပြည့်နှစ်မှာ အသက် ၆၂ နှစ်ကနေ ၆၄ နှစ်အထိ အဆင့်ဆင့် ပြောင်းလဲ သွားမှာဖြစ်ပြီး အာမခံထားတဲ့ အနိမ့်ဆုံးပင်စင် ထည့်သွင်းပေးမှာဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ၂၀၂၇ ခုနှစ်မှာ စတင်မှာဖြစ်ပြီး ပြည်သူတွေဟာ ပင်စင်အပြည့်ရဖို့အတွက် ၄၃ နှစ်ကြာ အလုပ်လုပ်ရမှာဖြစ်တယ်လို့ ဘွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ 

၂၀၁၉ ခုနှစ်ကလည်း ပြင်သစ်နိုင်ငံမှာ ပင်စင်စနစ် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆန္ဒပြပွဲတွေ လုပ်ခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ လူဦးရေ ၈ သိန်း လောက်ပဲ ပါဝင်ခဲ့ကြတာလို့ ပြည်ထဲရေး ဝန်ကြီးဌာနကနေ သိရပါတယ်။

6 mins Ago

August 10, 2020

နိုက်ဂျာနိုင်ငံတွင် ပြင်သစ်နိုင်ငံသား ၆ ဦးအပါအဝင် ၈ ဦး အသတ်ခံရ

အာဖရိကအနောက်ပိုင်း နိုက်ဂျာနိုင်ငံမှာ မော်တော်ဆိုင်ကယ်စီး သေနတ်သမားတွေက ကမ္ဘာလှည့် ပြင်သစ်ခရီးသည် ၆ ယောက် နိုက်ဂျာနိုင်ငံသား ဧည့်လမ်းညွှန် ၁ ယောက်နဲ့ ကားမောင်းသူတို့ကို သြဂုတ် ၉ ရက်က သတ်ဖြတ်ခဲ့တယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူးကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြပါတယ်။ တိုက်ခိုက်သူတွေဟာ ကူရေဒေသမှာ လျှပ်တပြက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပြီလို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ နိုက်ဂျာ အစိုးရဘက်ကတော့ မှတ်ချက်တစုံတရာ မတုံ့ပြန်သေးပါဘူး။ နီယာမေမြို့တော် အရှေ့တောင်ဘက်က သစ်ကုလားအုတ် ဘေးမဲ့တောဟာ နိုက်ဂျာနိုင်ငံရဲ့ လူကြိုက်များတဲ့ ဆွဲဆောင်မှု တရပ်လည်း ဖြစ်ပါတယ်။ ပြင်သစ်အစိုးရဟာ နိုက်ဂျာနိုင်ငံရဲ့ မြို့တော် နီယာမေရဲ့ အပြင်ဘက် ကျယ်ပြန့်တဲ့ အစိတ်အပိုင်းတွေမှာ ခရီးမသွားကြဖို့ လူထုကို သတိပေးထားပါတယ်။ အဲဒီဒေသတွေမှာ ဘိုကိုဟာရမ် အပါအဝင် အစ္စလာမ္မစ် စစ်သွေးကြွအုပ်စုတွေ လှုပ်ရှားနေပါတယ်။  တချိန်က ဒီဒေသအတွင်း ကိုလိုနီသြဇာရှိခဲ့တဲ့ ပြင်သစ်ဟာ နိုက်ဂျာအပါအဝင် ဆာဟဲလ် ဒေသတွင်းက အစ္စလာမ္မစ် စစ်သွေးကြွတွေကို တိုက်ထုတ်ဖို့ အနောက်အာဖရိက မဟာမိတ်တွေနဲ့ ဥရောပ မဟာမိတ်တွေကြား ဇွန်လမှာ မဟာမိတ်ဖွဲ့ခဲ့ပါတယ်။ ၂၀၁၃ နောက်ပိုင်း ဆာဟာရကန္တာရတောင်ပိုင်း ခြောက်သွေ့ရပ်ဝန်းမှာ ထောင်ချီတဲ့ စစ်တပ်ကို ပြင်သစ်အစိုးရက တပ်ချထားပေမဲ့ အယ်လ်ကိုင်းဒါး၊ အိုင်အက်စ်တို့နဲ့ ပတ်သက်နေတဲ့ စစ်သွေးကြွအုပ်စုတွေ ကျူးလွန်တဲ့  ရာဇဝတ်မှုတွေ ပိုတိုးလာနေပါတယ်။
2 years Ago
Up