close

သံတွဲလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်မည်

ရခိုင်ပြည်နယ်ရှိ သံတွဲလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်ဖို့ ဇန်နဝါရီ ၂၀ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်တွေကို ညွှန်ကြားခဲ့တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။

တာဝန်ရှိသူတဦးက “သံတွဲလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်နိုင်ဖို့ နစက အစိုးရအနေနဲ့ စီစဉ်ဆောင်ရွက်သွားမယ်။ အခုလို မြှင့်တင်လိုက်တာကြောင့် ခရီးသွားလုပ်ငန်းအတွက် ပိုမိုအထောက်အကူပြုလာမယ်” လို့ ပြောပါတယ်။

သံတွဲလေဆိပ်ကို ၂၀၁၉ ခုနှစ်ကတည်းက နိုင်ငံတကာအဆင့်မြှင့်တင်ဖို့ ပြည်ထောင်စုအစိုးရထံ ခွင့်ပြုချက်ရယူထားတယ်လို့ စီမံ/ဘဏ္ဍဝန်ကြီး ဦးကျော်အေးသိန်းက နေပြည်တော်မှာလုပ်တဲ့ တတိယအကြိမ်မြောက် Myanmar Global Investment Forum မှာ ပြောကြားခဲ့ပေမဲ့ လက်တွေ့မှာ အဆင့်မြှင့်တင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်မှာလည်း အဲဒီလေဆိပ်ကို နိုင်ငံတကာခရီးစဉ်တွေ ပျံသန်းနိုင်ရေး သတ်မှတ်ပေးဖို့ ရှိ၊ မရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက အမျိုးသားလွှတ်တော်မှာ မေးမြန်းခဲ့ပါသေးတယ်။

သံတွဲလေဆိပ်ကို နိုင်ငံတကာခရီးစဉ်တွေ တိုက်ရိုက်ပျံသန်းခွင့်ရပါက ကမ္ဘာလှည့်ခရီးသည် လည်ပတ်မှု အများအပြား ရှိလာမှာဖြစ်ပြီး နိုင်ငံအတွင်းက ပြည်သူတွေ စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိကာ နိုင်ငံရဲ့အခွန်ပါ တိုးပြီးရနိုင်မယ်လို့ ဒေါ်ထုမေက အဆိုတင်သွင်းခဲ့တာပါ။

အဲဒီတုန်းက ကိုဗစ်ရောဂါကြောင့် ဘတ်ဂျက်ငွေ မလုံလောက်တဲ့အတွက် သံတွဲလေဆိပ်ကို တိုးချဲ့ဆောက်လုပ်ပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်က တုံ့ပြန်ခဲ့ပါတယ်။

၁၉၅၀ ပြည့်နှစ်ကစပြီး ပြည်တွင်းလေယာဉ်တွေအတွက် အသုံးပြုခဲ့တဲ့ သံတွဲလေဆိပ်ဟာ သံတွဲမြို့ရဲ့ အနောက်ဘက် ၇ မိုင်ခန့်အကွာ မဇင်ကျေးရွာနားမှာ တည်ရှိကာ ငပလီပင်လယ်ကမ်း ခြေနဲ့လည်း အနီးဆုံးမှာရှိတာ ဖြစ်ပါတယ်။

ငပလီပင်လယ်ကမ်းခြေမှာ  ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်ကနေ ၂၁ ​ရက်အထိ ၈ ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေးကို ကျင်းပခဲ့ရာမှာ မြန်မာစစ်ခေါင်းဆောင်နဲ့  ထိုင်းစစ်ဦးစီးချုပ်တို့ ၃ ရက်ကြာ လာရောက်ခဲ့ကြတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up