close

သံတွဲလေဆိပ်

close

March 23, 2023

စစ်တွေနှင့် သံတွဲလေဆိပ် အဆင့်မြှင့်နေမှု ရခိုင်ပြည်သူအတွက် အကျိုးမရှိနိုင်ဟု ဒေသံများပြော

စစ်တွေနဲ့ သံတွဲလေဆိပ်ကို နိုင်ငံတကာအဆင့်မီ လေဆိပ်တွေအဖြစ် စစ်ကောင်စီက တိုးချဲ့တည်ဆောက်နေတာဟာ သူတို့ရဲ့ ရေရှည်အကျိုးတွက်သာ ဖြစ်နိုင်ပြီး အောက်ခြေပြည်သူတွေအတွက် အကျိုးမရှိနိုင်ကြောင်း ရခိုင်နိုင်ငံရေးသမားတွေနဲ့ ဒေသခံ ရပ်မိရပ်ဖတွေက ပြောပါတယ်။

ရခိုင်နိုင်ငံရေးသမားတဦးက “စကစ ကနေ စစ်တွေနဲ့ သံတွဲလေဆိပ်တွေကို နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပြေးဆွဲနိုင်အောင်အထိ ပြုပြင်သွားမယ်ဆိုတော့ ပြည်သူကို အကျိုးပြုနိုင်သော လုပ်ရပ်တွေဆိုရင် လက်ခံပါတယ်။ ဒါပေမဲ့ ရခိုင်ဒေသမှာ စစ်ရေးအရ တိုးချဲ့အသုံးပြုလာမယ်ဆိုရင်တော့ အကောင်းကနေ အဆိုးဘက်ကို ရောက်သွားမယ်။ အာဏာရှင်တို့မည်သည်မှာလည်း ပြည်သူကို အကျိုးပြုတဲ့ လုပ်ရပ်ထက် သူတို့ရဲ့အကျိုးနဲ့ သူတို့ရဲ့ အာဏာတည်မြဲဖို့ပဲ လုပ်ဆောင်လာတာ နှစ် ၇၀ ကျော်လာပြီ။ အခုလည်း ပြည်သူအကျိုးပြုဆိုတာ ခေါင်းစဥ်တခုပဲ ဖြစ်မှာပါ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ လေဆိပ်တွေထဲက စစ်တွေလေဆိပ်နဲ့ သံတွဲလေဆိပ်တို့ကို နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပြေးဆွဲနိုင်အောင်အထိ တိုးချဲ့လုပ်ဆောင်သွားမယ်လို့ ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရက ပြောဆိုထားတာပါ။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ယာယီအပစ်ရပ်ထားပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ရခိုင်ပြည်နယ်လာရောက်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေး စီမံကိန်းတွေ ဆောင်ရွက်ဖို့ ညွှန်ကြားထားတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အစိုးရအဆက်ဆက် စီမံကိန်းများစွာ လုပ်ဆောင်ခဲ့ကြပေမဲ့ မြန်မာနိုင်ငံရှိ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံး ရခိုင်ပြည်နယ် ဖြစ်နေပြီး အခုလို နိုင်ငံတကာကို တိုက်ရိုက်ပျံသန်းနိုင်တဲ့ လေကြောင်းလိုင်းတွေ ဖြစ်လာမယ်ဆိုရင်လည်း ရခိုင်ရှိ အောက်ခြေလူတန်းစားတွေအတွက် တစုံတရာ အကျိုးမရှိနိုင်ဘဲ စစ်ကောင်စီနဲ့ သူတို့ရဲ့ ခရိုနီတွေသာ အကျိုးရှိသွားနိုင်တယ်လို့ စစ်တွေ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

“သူတို့လုပ်ဆောင်ခဲ့ကြတဲ့ စီမံကိန်းတွေ လက်ရှိမှာ ဘာမှဖြစ်မလာခဲ့ဘူး။ ရထားလမ်းစီမံကိန်းတို့ ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်းတို့ ဟိုးအရင်တုန်းကဆိုရင် စိုင်းဒင်ရေတံခွန် လျှပ်စစ်ဓာတ်အားစီမံကိန်းတို့ အပြောပဲရှိတယ်။ လက်တွေ့မှာ ဘာမှ မလုပ်ဆောင်နိုင်ခဲ့ကြဘူး။ အခုလည်း စစ်တွေ၊ သံတွဲလေဆိပ် အဆင့်မြှင်တင်ရေးလည်း အဲဒီအတိုင်း ရှိသွားမှာပါ။ ဒီလေယာဥ်ကွင်းတွေ အဆင့်မြင့်သွားရင်လည်း အောက်ခြေလူတန်းစားတွေအတွက် ဘာမှအကျိုးမရှိနိုင်ပါဘူး။ သူတို့ အုပ်ချုပ်သူလူတန်းစားနဲ့ သူတို့ရဲ့ စီးပွားရေးခရိုနီတွေ အတွက်သာ အကျိုးရှိဖို့ လုပ်ဆောင်တာလို့ ထင်တယ်။ သူတို့ ရခိုင်မှာလုပ်ခဲ့တဲ့ စီမံကိန်းတွေ အများကြီးပဲ၊ ဘာမှမဖြစ်ခဲ့ဘူး။”

စစ်တွေလေဆိပ်နဲ့ သံတွဲလေဆိပ်တို့ကို နိုင်ငံတကာအဆင့်မီ လေဆိပ်တွေအဖြစ် တိုးချဲ့တည်ဆောက်ပြီး ဘိုးအင်း ၇၃၇ ဆင်းနိုင်တဲ့ကွင်းအထိ ဖြစ်လာပါက စစ်တွေကနေ အိန္ဒိယနိုင်ငံ ကာလကတ္တား၊ စစ်တွေကနေ ဘန်ကောက်အထိ တိုက်ရိုက် ပြေးဆွဲနိုင်မှာဖြစ်တယ်လို့ ပြည်နယ်ပြောခွင့်ရ ဦးလှသိန်းက ပြောဆိုထားတာပါ။

ရခိုင်ပြည်နယ်မှာ မြောက်ဦးလေဆိပ်စီမံကိန်းတောင် လက်ရှိမှာ အကောင်အထည် မဖော်နိုင်သေးဘဲ စစ်တွေလေဆိပ်နဲ့ သံတွဲလေဆိပ်တို့ကို နိုင်ငံတကာအဆင့်မီ လေဆိပ်တွေအဖြစ် တိုးချဲ့တည်ဆောက်မယ်ဆိုတာ ရယ်စရာဖြစ်နေကြောင်း မြောက်ဦးဒေသခံ မြို့မိမြို့ဖတဦးက ထောက်ပြပြောဆိုထားပါတယ်။

“လက်ရှိမှာ မြောက်ဦးလေယာဥ်ကွင်း စီမံကိန်းတောင် ဘာမှ အကောင်အထည် မဖော်သေးပါဘူး။ စစ်တွေလေဆိပ်နဲ့ သံတွဲလေဆိပ် စီမံကိန်းလည်း အဲ့ဒီအတိုင်း ဖြစ်သွားမယ်လို့ ကျနော်တို့သုံးသပ်တယ်။”

ရခိုင်ပြည်နယ်မှာ ကျောက်ဖြူ၊ သံတွဲ၊ အမ်းနဲ့ စစ်တွေမြို့နယ်တွေမှာ ပြည်တွင်းပြေးဆွဲနေတဲ့ လေဆိပ်တွေရှိနေပြီး ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် တခြားမြို့နယ်တချို့ကိုလည်း တိုက်ရိုက် လေယာဉ်ပျံသန်း ပြေးဆွဲနေတာတွေ ရှိနေပါတယ်။

3 hours Ago

January 23, 2023

သံတွဲလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်မည်

ရခိုင်ပြည်နယ်ရှိ သံတွဲလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်ဖို့ ဇန်နဝါရီ ၂၀ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်တွေကို ညွှန်ကြားခဲ့တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။

တာဝန်ရှိသူတဦးက “သံတွဲလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်နိုင်ဖို့ နစက အစိုးရအနေနဲ့ စီစဉ်ဆောင်ရွက်သွားမယ်။ အခုလို မြှင့်တင်လိုက်တာကြောင့် ခရီးသွားလုပ်ငန်းအတွက် ပိုမိုအထောက်အကူပြုလာမယ်” လို့ ပြောပါတယ်။

သံတွဲလေဆိပ်ကို ၂၀၁၉ ခုနှစ်ကတည်းက နိုင်ငံတကာအဆင့်မြှင့်တင်ဖို့ ပြည်ထောင်စုအစိုးရထံ ခွင့်ပြုချက်ရယူထားတယ်လို့ စီမံ/ဘဏ္ဍဝန်ကြီး ဦးကျော်အေးသိန်းက နေပြည်တော်မှာလုပ်တဲ့ တတိယအကြိမ်မြောက် Myanmar Global Investment Forum မှာ ပြောကြားခဲ့ပေမဲ့ လက်တွေ့မှာ အဆင့်မြှင့်တင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်မှာလည်း အဲဒီလေဆိပ်ကို နိုင်ငံတကာခရီးစဉ်တွေ ပျံသန်းနိုင်ရေး သတ်မှတ်ပေးဖို့ ရှိ၊ မရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက အမျိုးသားလွှတ်တော်မှာ မေးမြန်းခဲ့ပါသေးတယ်။

သံတွဲလေဆိပ်ကို နိုင်ငံတကာခရီးစဉ်တွေ တိုက်ရိုက်ပျံသန်းခွင့်ရပါက ကမ္ဘာလှည့်ခရီးသည် လည်ပတ်မှု အများအပြား ရှိလာမှာဖြစ်ပြီး နိုင်ငံအတွင်းက ပြည်သူတွေ စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိကာ နိုင်ငံရဲ့အခွန်ပါ တိုးပြီးရနိုင်မယ်လို့ ဒေါ်ထုမေက အဆိုတင်သွင်းခဲ့တာပါ။

အဲဒီတုန်းက ကိုဗစ်ရောဂါကြောင့် ဘတ်ဂျက်ငွေ မလုံလောက်တဲ့အတွက် သံတွဲလေဆိပ်ကို တိုးချဲ့ဆောက်လုပ်ပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်က တုံ့ပြန်ခဲ့ပါတယ်။

၁၉၅၀ ပြည့်နှစ်ကစပြီး ပြည်တွင်းလေယာဉ်တွေအတွက် အသုံးပြုခဲ့တဲ့ သံတွဲလေဆိပ်ဟာ သံတွဲမြို့ရဲ့ အနောက်ဘက် ၇ မိုင်ခန့်အကွာ မဇင်ကျေးရွာနားမှာ တည်ရှိကာ ငပလီပင်လယ်ကမ်း ခြေနဲ့လည်း အနီးဆုံးမှာရှိတာ ဖြစ်ပါတယ်။

ငပလီပင်လယ်ကမ်းခြေမှာ  ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်ကနေ ၂၁ ​ရက်အထိ ၈ ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေးကို ကျင်းပခဲ့ရာမှာ မြန်မာစစ်ခေါင်းဆောင်နဲ့  ထိုင်းစစ်ဦးစီးချုပ်တို့ ၃ ရက်ကြာ လာရောက်ခဲ့ကြတာဖြစ်ပါတယ်။

2 months Ago
Up