close

ရန်ကုန် စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ် ၁ ဦးတို့ကို အသေဖမ်းမိ

ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးတယောက်နဲ့ တပ်ကြပ်ကြီးတယောက်ကို အသေဖမ်းဆီးမိပြီး လက်နက်တချို့လည်းရခဲ့တယ်လို့ ပဲခူးတိုင်း စစ်ဒေသခွဲက ဇန်နဝါရီ ၂၃ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

ရန်ကုန်၊ ပြည်လမ်း ၉ မိုင်ခွဲ North Point - Ocean စင်တာနားမှာရှိတဲ့ အမှတ်(၁) စစ်ဘက်​ရေးရာလုံခြုံ​ရေးအကူတပ် စစ်ကြောရေးတာဝန်ခံ စရက(၁) တပ်မှူး ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နဲ့ တပ်ကြပ်ကြီး မြင့်အောင်တို့ကို ရန်ကုန်- မန္တလေးအမြန်လမ်းပေါ်မှာ ဇန်နဝါရီ ၂၂ ရက် မနေ့နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်က ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

သူတို့လိုက်ပါလာတဲ့ကား ထွက်ခွာလာတာကို သတင်းရလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကင်းပုန်းဝပ် စောင့်ဆိုင်းနေခဲ့ပြီးနောက် ဖုန်းဆက်ပြီး ကားကိုရပ်ခိုင်းခဲ့တာလို့ ဆိုပါတယ်။ 

ကားရပ်တန့်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးတုန်းမှာ အဲဒီဗိုလ်မှူးနဲ့ တပ်ကြပ်ကြီးက အသင့်ပါလာတဲ့ လက်နက်တွေနဲ့ ပြန်ခုခံလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးခဲ့ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

သူတို့ဆီကနေ ၉ မမ ပစ္စတို ၂ လက်၊ ကျည် ၁၂ တောင့်၊ ကားလိုင်စင်နဲ့ စာရွက်စာတမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ပြီး ကားကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောရေးတာဝန်ခံ စရက(၁) တပ်မှူး ဗိုလ်မှူးသန်းထွဋ်ဟာ  UG တော်လှန်ရေးရဲဘော်တွေကို အသွင်ယူစုံစမ်းဖမ်းဆီး စစ်ကြောရေးလုပ်နေသူဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

အဲဒီစစ်ကောင်စီတပ်သားတွေနဲ့ အတူပါလာတဲ့ အမျိုးသား ၂ ယောက်ကို စစ်ဆေးမေးမြန်းဖို့ ခေါ်လာတုန်းမှာ  လက်နက် လုယူထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးရာမှာ သူတို့ ၂ ယောက်လုံးလည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒီလှုပ်ရှားမှုကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နဲ့ တပ်ခွဲ ၆ တို့ ပူးပေါင်းလုပ်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေကတော့ ထိခိုက်ဒဏ်ရာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up