close

မန်းရွှေစက်တော်ဘုရားပွဲတော် ပြန်လည်ကျင်းပ

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်မှာ ဇန်နဝါရီ ၂၅ ရက် ဒီနေ့မနက်က မန်းရွှေစက်တော် ဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တယ်လို့ ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

မန်းရွှေစက်တော် ဘုရားပွဲတော်ကို ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီက ဦးစီးကျင်းပတာဖြစ်ပြီး ဆိုင်ခန်းပေါင်း ၅၀၀ ကျော်၊ တည်းခိုဆောင်အရေအတွက် ၁,၀၀၀ ကျော်နဲ့ ဖွင့်ပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်မှာတော့ လှေတင်တံတားကနေ ဆင်စခန်းကို လှေစီးပြီး သွားရောက်လည်ပတ်နိုင်တဲ့ အစီအစဥ်တခုလည်း ပြုလုပ်ထားပြီး မန်းချောင်းအတွင်းမှာတော့ မိုးရေဝင်ရောက်မှု နည်းပါးတဲ့အတွက် အရင်ပွဲတော်ကျင်းပခဲ့တဲ့ နှစ်တွေထက် ရေနည်းတယ်လို့ သိရပါတယ်။

အဲဒီဘုရားပွဲတော်ကို ၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ပွဲတော်ကျင်းပနေချိန်မှာ ပိတ်သိမ်းခဲ့ရတာဖြစ်ပြီး အရင်နှစ်တွေကလည်း စစ်ကောင်စီက ပွဲတော်ကျင်းပဖို့ စီစဥ်ခဲ့ကြပေမဲ့ ကိုဗစ်ရောဂါအခြေအနေကြောင့် မကျင်းပဖြစ်ခဲ့ဘူးလို့ မန်းရွှေစက်တော်ဘုရားပွဲအတွင်းက စျေးသည်တယောက်က ပြောပါတယ်။

“နိုင်ငံရေးအခြေနေ မကောင်းပေမဲ့ ဒီပွဲတော်ကို အနယ်နယ်အရပ်ရပ်က စျေးသည်တွေ မှီခိုစားသောက်နေရတာဖြစ်လို့ ဘုရားပွဲတော် ကျင်းပပေးတဲ့အတွက် ကျနော်တို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိတယ်။”

မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဥ် တပို့တွဲလဆန်း ၅ ရက်ကနေ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပလေ့ရှိပြီး မကွေးတိုင်းရဲ့ အစည်ကားဆုံးနဲ့ ရက်အရှည်ကြာဆုံး ပွဲတော်တခုဖြစ်ပါတယ်။

ဓာတ်ပုံ-မောင်မောင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up