close

ရွှေ့ပြောင်းအခြေသူများကို တားဆီးရန် အီးယူဝန်ကြီးများ နည်းလမ်းရှာ

ကပ်ရောဂါကူးစက်မှု ကျဆင်းလာတာနဲ့အမျှ ရွှေ့ပြောင်းအခြေချမှု မြင့်တက်လာတာကြောင့် ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းတွေကနေ ဝင်ရောက်လာမှုကို တားဆီးနိုင်ဖို့နဲ့ အဲဒီလူတွေကို နေရပ်ပြန်လွှတ်နိုင်ဖို့ ဥရောပသမဂ္ဂ အီးယူဝန်ကြီးတွေဟာ ဇန်နဝါရီလ ၂၆ ရက်က နည်းလမ်းတွေ ရှာဖွေခဲ့ကြပါတယ်။

ဒီရွှေ့ပြောင်းအခြေချသူတွေကို နိုင်ငံပြင်ပ နယ်စပ်စည်းရိုးတွေနဲ့ ဥရောပပြင်ပက ခိုလှုံရေးနေရာတွေနဲ့ ပတ်သက်လို့ ဒီအငြင်းပွားစရာ အယူအဆတွေ ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။

မနှစ်တုန်းက ခွင့်ပြုချက်မရှိဘဲ တရားမဝင် ရောက်လာသူ ၃၃၀၀၀၀ လောက် ရှိကြောင်းနဲ့  ဒါဟာ အနောက်ဘက် ဘော်လ်ကန်ဒေသလမ်းကြောင်းကနေ ရွှေ့ပြောင်းအခြေချမှု သိသိသာသာ မြင့်တက်လာတာဖြစ်ပြီး  ၂၀၁၆ ခုနှစ် နောက်ပိုင်းအများဆုံးဖြစ်တယ်လို့ အီးယူ နယ်စပ် အေဂျင်စီ Frontex က ဆိုပါတယ်။ 

ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းဝင်ရောက်လာမှု အများအပြားရှိပေမယ့် ပြန်ထွက်သွားတဲ့နှုန်းကတော့ အလွန်နည်းပါးတယ်လို့ အီးယူပြည်ထဲရေးကော်မရှင်နာ ယိုဗာဂျိုဟန်ဆန်က အီးယူ ရွှေ့ပြောင်း နေထိုင်ရေး ဝန်ကြီး ၂၇ ဦးနဲ့ အစည်းအဝေးအတွင်းမှာ ပြောပါတယ်။ 

အီရတ်နဲ့ဆီနီဂေါ နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၂၀ လောက်ကို ဗီဇာနဲ့ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေကတဆင့် ဖိအားပိုပေးဖို့အတွက် ဒိန်းမတ်၊ နယ်သာလန်နဲ့ လတ်ဗီယားနိုင်ငံတို့က ပါဝင်တောင်းဆိုခဲ့ကြပါတယ်။ 

နိုင်ငံတကာရဲ့ အကာအကွယ်ပေးမှုကို မလိုအပ်တဲ့သူတွေရဲ့  ပုံမှန်မဟုတ်တဲ့ ဝင်ရောက်လာမှု တွေကို တားဆီးဖို့က ပြန်ခိုင်းလိုက်တာဟာ အထိရောက်ဆုံး ဖိအားပေးမှုတွေထဲက တခုဖြစ်တယ်လို့ အစည်းအဝေးတွေအပြီး သတင်းစာရှင်းလင်းပွဲမှာ ယိုဗစ်ဂျိုဟန်ဆန်က ပြောသွားပါတယ်။ 

ရိုက်တာသတင်းဌာနက သိရှိထားတဲ့ ပူးတွဲဆုံးဖြတ်ချက်မူကြမ်းအရ ပြန်ခိုင်းမယ့်နည်းလမ်းတွေကို ရှာနေကြတဲ့ အီးယူခေါင်းဆောင်တွေဟာ ဖေဖော်ဝါရီ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပမယ့် ထိပ်သီးအစည်းအဝေး မတိုင်ခင် ဝန်ကြီးအဆင့် အစည်းအဝေးတွေကို အရင်ပြုလုပ်နေတာ ဖြစ်ပါတယ်။   

Up