close

ဘာလင်ရှိ ဗြိတိန်သံရုံးအစောင့်ကို လန်ဒန်တရားရုံးက ထောင်ဒဏ် ၁၃ နှစ်ကျော်ချမှတ်

ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ဗြိတိန်သံရုံးမှာ လုံခြုံရေးအစောင့်အဖြစ် လုပ်ကိုင်နေချိန်မှာ ရုရှားနိုင်ငံကို အရေးကြီး သတင်းအချက်အလက်တွေ ခိုးယူပေးပို့ခဲ့တဲ့ ဒေးဗစ်ဘော်လန်တိုင်းန်စမစ်သ်ကို ဖေဖော်ဝါရီ ၁၇ ရက်မှာ လန်ဒန်တရားရုံးက ထောင်ဒဏ် ၁၃ နှစ်နဲ့  ၂ လ ချမှတ်ခဲ့ပါတယ်။

အသက် ၅၈ နှစ်အရွယ် လုံခြုံရေးအစောင့် စမစ်သ်ဟာ အချိန် ၃ နှစ်ကျော်လောက် လျှို့ဝှက်သတင်းအချက်အလက်များကို စုဆောင်းခဲ့တာဖြစ်ပြီး အဲဒီအချိန်က ၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ အစိုးရပိုင်း လျှို့ဝှက်ဆက်သွယ်မှုတွေ အပါအဝင် တခြားအရေးကြီး စာရွက် စာတမ်းတွေကို စုဆောင်းခဲ့ပါတယ်။

စမစ်သ်ဟာ သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ အခန့်မသင့်ဖြစ်ပြီး စိတ်ဓာတ်ကျနေချိန်ကစပြီး လျှို့ဝှက်အချက်အလက်များကို စတင်စုဆောင်းဖြစ်ခဲ့ကြောင်း အခုသီတင်းပတ်အစောပိုင်းမှာ တရားရုံးကို ပြောခဲ့ပါတယ်။ 

သူဟာ ဘီယာ ၇ ပိုင့်လောက် သောက်ပြီးနောက်မှာ စာရွက်စာတမ်းတွေကို ရိုက်ကူးခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ ဟုတ်လှပြီ လို့ ထင်ခဲ့ကြောင်းလည်း ပြောပါတယ်။ 

စမစ်သ်ဟာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ပြစ်မှု ၈ ခုအတွက် အပြစ်ရှိကြောင်း နိုဝင်ဘာလက ၀န်ခံခဲ့ပါတယ်။  

Up