close

အစွန်းရောက်များ ဝင်းစီးထားသည့် ကရာချိမြို့ ရဲစခန်းကို လုံခြုံရေးတပ်ဖွဲ့များ ပြန်သိမ်းယူ

ပါကစ္စတန်တောင်ပိုင်း ကရာချိမြို့မှာ ဖေဖော်ဝါရီ ၁၇ ရက်က အစ္စလာမ္မစ် အစွန်းရောက်တွေက ရဲစခန်းကို ဝင်စီးခဲ့ပြီးနောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း စခန်းအဆောက်အဦကို ပြန်သိမ်းယူခဲ့တာကြောင့် ပေါက်ကွဲသံတွေနဲ့ ပစ်ခတ်သံတွေ အကြားမှာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အထူးလုံခြုံရေးယူနစ်မှ ရဲအရာရှိတစ်ဦးနဲ့ ပါကစ္စတန် အရန်တပ်ဖွဲ့ဝင်တစ်ဦး အပြင် စစ်သွေးကြွ ၃ ဦး သေဆုံးခဲ့ကြောင်း အကြီးတန်းရဲအရာရှိ မာ့ခ်ဆွတ်မဲမန်က ပြောကြားပါတယ်။ 

ဒီစခန်းဟာ မြို့တော်ရဲ့ ထိပ်ပိုင်းရဲအရာရှိကြီးတွေရဲ့ ရုံးခန်းတွေရှိတဲ့နေရာ ဖြစ်ပါတယ်။ ဗုံးရှင်းလင်းရေးအဖွဲ့ဟာ အဆောက်အအုံအတွင်းကို ဝင်ရောက်လာပြီး လုံခြုံရေးရှင်းလင်းမှုတွေ  ဆောင်ရွက်နေကြောင်းလည်း မဲမန်က ပြောဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားချိန်က စခန်းထဲမှာ ရဲတပ်ဖွဲ့ဝင်အယောက် ၃၀ အထိ ရှိနိုင်ကြောင်း ဒုတိယစစ်ဆေးရေးမှူးချုပ် အီဖှန် ဘာ့လွတ်ခ်က ရိုက်တာကို ပြောပါတယ်။

ပါကစ္စတန် တာလီဘန်အဖွဲ့ (TTP) က ဒီတိုက်ခိုက်မှုကို သူတို့တာဝန်ခံကြောင်း  (TTP) ရဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေဆီ မက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။

အိမ်နီးချင်း အာဖဂန်နစ္စတန်မှာ အုပ်ချုပ်နေတဲ့ တာလီဘန်ကနေ ခွဲထွက်ထားတဲ့ အစ္စလာမ္မစ် TTP အဖွဲ့ဟာ အစ္စလာမ်မာဘတ်မှာ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါကစ္စတန် အနောက်မြောက်ဘက်မှာ ရဲတပ်ဖွဲ့ကို တိုက်ခိုက်မှုတွေ လတ်တလောမှာ တိုးမြှင့်ခဲ့ပါတယ်။ 

Up