တရုတ်ခရီးသွားများ ထိုင်းကျောင်းသူဝတ်စုံ ဝတ်ဆင်မှု ဥပဒေနှင့်ငြိစွန်းဟု သတိပေး

လတ်တလော ထိုင်းနိုင်ငံကို အလည်လာတဲ့ တရုတ်ခရီးသွားဧည့်သည် အမျိုးသမီးငယ်တွေအကြားမှာ ဆယ်ကျော်သက် ထိုင်းကျောင်းသူတွေ ဝတ်တဲ့ ကျောင်းဝတ်စုံတွေ ဝတ်ဆင်ပြီး အထင်ကရနေရာတွေကိုသွားရောက် ဓာတ်ပုံရိုက် လူမှုကွန်ရက်မှာတင်တာတွေ ရေပန်းစားနေ ပါတယ်။
ဒီမတိုင်ခင်က ထိုင်းနာမည်ကြီးသရုပ်ဆောင်မင်းသား မာရီယိုနဲ့ မင်းသမီး ဘိုင်ဖှဲင်း တို့ပါတဲ့ ရုပ်ရှင်ဇာတ်လမ်းတစ်ခု တရုတ်ပြည်မှာပါ သွားရောက်ရိုက်ကူးပြသခဲ့ပါတယ်။ အဲဒီဇာတ်ကားမှာ မင်းသမီးရော မင်းသားပါ ဆယ်ကျော်သက်ကျောင်းသားဘဝသရုပ်ဆောင်စဉ် ထိုင်းကျောင်းဝတ်စုံ ဝတ်ဆင်ခဲ့တာကို ပရိသတ်တွေ သဘောကျခဲ့ပါတယ်။
တရုတ်နာမည်ကြီးသရုပ်ဆောင် ကျွီကျင့်အိကလည်း ထိုင်းနိုင်ငံကို အလည်အပတ်လာရောက်စဉ် ထိုင်းကျောင်းသူ ယူနီဖောင်းဝတ်ပြီး ဓာတ်ပုံရိုက်ခဲ့တဲ့ပုံတွေ ဖြန့်ဝေခဲ့ပါတယ်။
အဲဒီနောက်ပိုင်း တရုတ်နိုင်ငံကလာတဲ့ ခရီးသွားဧည့်သည် လူငယ်တွေဟာ ထိုင်းကျောင်းသူဝတ်စုံကို ငှါးရမ်း၊ ဝယ်ယူ၊ တချို့က အင်္ကျီရင်ဘတ်ရှေ့မှာ သူတို့ တရုတ်နာမည်ကို ထိုင်းစာနဲ့ ရေးထိုးတာတွေ ပြုခဲ့ပါတယ်။ တချို့ကလည်း သူငယ်ချင်းတွေကို ထိုင်းပြန်လက်ဆောင်ပေးဖို့ နာမည်ပါရေးထိုးပြီး ဝယ်သွားကြပါတယ်။
အခုလို ထိုင်းကျောင်းဝတ်စုံကို နိုင်ငံခြားသူတွေ လာဝယ်ကြတာကြောင့် ဘန်ကောက်က ကျောင်းဝတ်စုံအရောင်းဆိုင်တွေ ဝမ်းသာဂုဏ်ယူနေကြပါတယ်။
ဒါပေမဲ့လည်း ထိုင်းနာမည်ကြီးရှေ့နေတစ်ဦးဖြစ်သူ နိုင်းရာ့ချ်ဖွန်း ဆီရီဆာခွန်းကတော့ တကယ့် ကျောင်းသူကျောင်းသားမဟုတ်ဘဲ ကျောင်းဝတ်စုံ ဝတ်ဆင်တာဟာ အလွဲသုံးစားပြုမှုနဲ့ ငြိစွန်းနိုင်ကြောင်း သူ့ရဲ့လူမှုကွန်ရက်ကနေ သတိပေး ပြောဆိုလိုက်ပါတယ်။
ထိုင်းသက္ကရာဇ် ၂၅၅၁ မှာ ထုတ်ပြန်တဲ့ ကျောင်းယူနီဖောင်းဆိုင်ရာဥပဒေအရ ကျောင်းသား ကျောင်းသူ မဟုတ်ဘဲ၊ ဆရာ ဆရာမ မဟုတ်ဘဲ အဆိုပါဝတ်စုံတွေ ဝတ်ဆင်ခြင်းဟာ ဝတ်စုံအလွဲသုံးစားပြုမှုနဲ့ အရေးယူခံရနိုင်ကြောင်း၊ ဘတ် ၁၀၀၀ ထက်မပိုတဲ့ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
အထူးသဖြင့် သက်ဆိုင်ရာ ပညာရေးဌာန၊ စာသင်ကျောင်းတွေရဲ့ အမှတ်တံဆိပ်တွေ အသုံးပြုတာဟာ ဥပဒေနဲ့ ငြိစွန်းတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဝတ်စုံတွေမှာ စာသင်ကျောင်းတံဆိပ်၊ ဌာနဆိုင်ရာတံဆိပ် မပါဘဲ မိမိအမည်သက်သက်ကိုသာ ရေးထိုးဝတ်ဆင်ဖို့ အဆိုပါရှေ့နေက အကြံပြုထားပါတယ်။