အီတလီဝန်ကြီးချုပ်ဟောင်း ကျန်းမားရေး ကောင်းမွန်

အီတလီဝန်ကြီးချုပ်ဟောင်း ဆီးလ်ဗီယို ဘာလူစကိုနီရဲ့ အခြေအနေဟာ "ထင်ထားတာထက် ပိုမိုကောင်းမွန်တယ်" လို့ ဘာလူစကိုနီရဲ့ ကာလကြာရှည် မိတ်ဆွေတဦးဖြစ်သလို ညာလက်ရုံး လည်းဖြစ်တဲ့ ဂျန်နီ လတ်တာက ဧပြီ ၈ ရက်မှာ ပြောပါတယ်။
နာတာရှည် သွေးကင်ဆာရောဂါ ခံစားနေရတဲ့ ဘာလူစကိုနီဟာ ဒီရောဂါကြောင့် အဆုတ်ပိုး ဝင်ရာက ဆေးရုံမှာ ကုသမှုခံယူနေရတာဖြစ်ပြီး မိသားစုဝင်တွေနဲ့ မိတ်ဆွေဖြစ်သူတွေကလည်း သူ့ကို လာရောက်ကြည့်ရှုခဲ့ကြပါတယ်။
မီဒီယာပိုင်းဆိုင်ရာ ဘီလီယံနာသူဌေးကြီးတဦးလည်းဖြစ်တဲ့ အသက် ၈၆ နှစ်အရွယ် ဘာလူစကိုနီဟာ မီလန်မြို့ရှိ ဆန်ရာဖေးလ် ဆေးရုံကို ဧပြီ ၅ ရက်က အသည်းအသန် ရောက်လာခဲ့တာပါ။
သူရဲ့ ဆရာဝန်ဖြစ်သူတွေကတော့ သွေးကင်ဆာရောဂါကို အချိန်အတော်ကြာ ခံစားနေခဲ့ရာက အဆုတ်ပိုးဝင်တဲ့အထိ ဖြစ်လာခဲ့တယ်လို့ ဧပြီ ၆ ရက်မှာ အတည်ပြု ပြောကြားပါတယ်။
ဘာလူစကိုနီ ရဲ့ ဖော်ဇာ အီတာလီယာ ပါတီဟာ လက်ရှိအီတလီဝန်ကြီး ချုပ် ဂျော်ဂျီယာ မယ်လိုနီ ရဲ့ လက်ယာယိမ်း ညွှန်ပေါင်းအဖွဲ့မှာ တစိတ်တပိုင်း ပါဝင်နေပြီး သူ့အနေနဲ့ အစိုးရအဖွဲ့မှာ တိုက်ရိုက်တာဝန်ယူထားတာမျိုးတော့ မရှိပါဘူး။
ဖော်ဇာ အီတာလီယာ ပါတီရဲ့ ဦးဆောင်နေရာမှာ ဆက်ခံမယ့်သူကို ဘာလူစကိုနီအနေနဲ့ လျာထားခြင်း မရှိသေးသလို သူရဲ့ ကြီးကြပ်မှုမပါဝင်ဘဲ ပါတီအနေနဲ့ အတူတကွစည်းလုံးနိုင် မလားဆိုတာ မရှင်းလင်းသေးတာကြောင့် စောင့်ကြည့်ရဖို့ ရှိပါတယ်။