close

ကန့်ဘလူ ပဇီကြီးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၊ ကလေးများအပါအဝင် ရာချီ ဒဏ်ရာရသေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီက  ဧပြီ ၁၁ ရက် ဒီနေ့ မနက်ခင်း ၈ နာရီလောက်က  တိုက်လေယာဉ်နဲ့ လာပစ်ခတ်လို့  ဒေသခံပြည်သူ ရာနဲ့ချီ ထိခိုက်သေဆုံးတာရှိတယ်လို့   ဒေသခံတွေကပြောပါတယ်။

MI35နဲ့ ဂျက်ဖိုက်တာ အမျိုးစားလေယာဉ် ၂ စီးနဲ့ အခုလိုလာပစ်ခတ်တာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ကန့်ဘလူဒေသခံမြို့နယ် ပကဖအဖွဲ့ဝင်တာဝန်ရှိသူတစ်ဦးက “သူတို့ သတင်းရလို့လာပစ်တာ ဖြစ်နိုင်တယ်။ မြေပြင်မှာ ပလဖရုံးဖွင့်ပွဲရှိတာကို သိလို့အခုလိုလာ ပစ်တာဖြစ်နိုင်တယ်ဗျ။ ဂျက်ဖိုက်တာက မန္တလေး တံတားဦးကနေ လာပစ်တာဗျ ။ နောက် Mi35 ကတော့ မုံရွာနမခကနေ လာပစ်တာ”လို့ ပြောတယ်။

လေကြောင်းကနေ ဂျက်တိုက်လေယာဉ်က ရွာကို  ၄ ပတ် ပတ်ပြီး  စက်သေနတ်နဲ့ ရွာအတွင်းကို ပစ်ခတ်သလို Mi35က ရွာအလယ်ခေါင်တည့်တည့်ကို ဗုံးတစ်လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင်  လူပေါင်း ၆၀ ကျော် သေဆုံးကာ ၄၀ ကျော် ပြင်းထန်ဒဏ်ရာတွေရရှိထားတယ်လို့ ဒေသခံတွေပြောဆိုပေမဲ့  အရေအတွက် အတိအကျကို သီးခြားအတည်ပြုချက်ရယူနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီက ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာကိုလည်း အလားတူတိုက်ခိုက်ခဲ့ဖူးပြီး စစ်ကိုင်းတိုင်းမှာ အခုလို လေကြောင်းတိုက်ခိုက်လို့ ဒေသခံအများ အပြားသေဆုံးရတာဟာ ၂ ကြိမ်အထိရှိနေပြီ ဖြစ်ပါတယ်။ 

ပဇီကြီးကျေးရွာဟာ ၂၀၁၅ သန်းခေါင်စာရင်းအရ အိမ်ခြေ ၂၃ ၃အိမ်နဲ့ လူဦးရေ ၁၀၄၃ ဦးရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

Up