ထိုင်းနိုင်ငံတွင် ဧပြီ ၂၂ ရက် အပူချိန် ၅၄ ဒီဂရီအထိ မြင့်တက်

အိမ်နီးချင်းထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်း အပူချိန်လွန်ကဲလာရာက ဧပြီ ၂၂ ရက် မှာ အမြင့်ဆုံး အပူချိန်ဆိုင်ရာ အညွှန်းကိန်းဖြစ်တဲ့ ၅၄ ဒီဂရီဆဲလ်စီးရပ်စ် အထိ မြင့်တက်ခဲ့ပါတယ်။
ဒါဟာ လူ့ခန္ဓာကိုယ်က ခံစားရနိုင်တဲ့ အပူချိန်အတိုင်းအတာ တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ တကယ့် အပူချိန်ကတော့ ၃၈ ကနေ ၄၂ ဒီဂရီ အထိရှိတယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
အမြင့်ဆုံးဖြစ်တဲ့ အပူချိန်အညွှန်းကိန်းကို ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်အရှေ့ပိုင်းက ဘန်ငါ (Bangna) ခရိုင်မှာ ကြုံတွေ့ခဲ့ရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဘန်ငါခရိုင်ကို ကြီးကြပ်အုပ်ချုပ်တဲ့ ဘန်ကောက်မြို့တော် ကောင်စီအဖွဲ့ဝင် ချတ်ချိုင် မော်ဒီ က “ဘန်ကောက်မြို့ နေထိုင်သူတွေအနေနဲ့ အပြင်သွားလာတာမျိုး ရှောင်ရှားဖို့အပြင် ရုတ်တရက် အပူချိန်ပြောင်းလဲသွားအောင် လေ့ကျင့်ခန်း လုပ်ပြီးနောက် ရေခဲရေ သောက်တာမျိုးကိုပါ ရှောင်ကြည်သင့်ပါတယ်၊ ပြီးတော့ ပါးလွှားတဲ့ အဝတ်အစားတွေကိုသာ ဝတ်ဆင်သင့်ပါတယ်”လို့ ပြောပါတယ်။
ဧပြီ ၂၁ ရက်က ဘန်ကောက်မြို့မှာလည်း "အပူချိန်ပြင်းထန်မှု" ဆိုင်ရာ သတိပေးချက်ထုတ်ပြန် ထားပြီး ရာသီဥတုပူပြင်းမှုကြောင့် အပူရှပ်နိုင်တဲ့ အလားအလာအတွက်လည်း သတိပေး ထားပါတယ်။
လာမယ့် ၇ ရက်တာအတွင်း ဆက်လက်ပူပြင်းနေဦးမှာ ဖြစ်တယ်လို့ နိုင်ငံရဲ့ မိုးလေဝသဆိုင်ရာ အေဂျင်စီအရ သိရပါတယ်။