မဲဆောက်တွင် မြန်မာအချင်းချင်း လူသတ်မှုဖြစ်

မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့တောင်ဘက် မဟာဝမ်းတိုက်နယ်မှာ မြန်မာနိုင်ငံသားအချင်းချင်း လူသတ်မှုဖြစ်ပွားခဲ့ကြောင်း မဲဆောက်ရဲစခန်းကို မေလ ၇ ရက် မနက် ၇ နာရီလောက်မှာ တိုင်ကြားလာတယ်လို့ ရဲစခန်းကနေသိရပါတယ်။
ရပ်ကွက် ၁၂ ရှိ အိမ်နံပါတ်မရှိတဲ့ နေရာတနေရာမှာဖြစ်ပွားတဲ့ အဆိုပါလူသတ်မှုကို ထိုင်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ သေဆုံးသူဟာ မြန်မာနိုင်ငံသား ကိုသန့်ဇင်အောင် ဖြစ်ပြီး ခန္ဓာကိုယ်မှာ ဓားချွန်နဲ့ ထိုးသတ်ခံထားရတာကို စစ်ဆေးတွေ့ရှိပါတယ်။
တရားခံလို့ သံသယရှိတဲ့ ဦးငွေနိုင် အသက် ၅၀ ကတော့ ကိုသန့်ဇင်အောင်ကို သူဓားနဲ့ ထိုးသတ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကိုဝန်ခံ ပြောပြသွားပါတယ်။
လူသတ်မှုဖြစ်ပွားရာမှာ အသုံးပြုတဲ့ ဓားချွန် အလျား ၁၀ လက်မ တလက်ကို ရဲက သိမ်းဆည်းထားပြီး လူသတ်မှုကျူးလွန်သူလို့ သံသယရှိသူကိုတော့ ဓားနဲ့ထိုးသတ်မှု၊ ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်မှု ၂ မှုနဲ့ မဲဆောက်မြို့ ရဲစခန်းက အမှုဖွင့် စစ်ဆေးရာနေပြီး ထိုင်းနိုင်ငံရဲ့ တရားဥပဒေအတိုင်း အရေးယူသွားဖို့ ရှိနေပါတယ်။