close

အောင်လအန်ဆန်နှင့် တရုတ် ဖိုက်တာ အမေရိကန်တွင် ထိုးသတ်မည်

နာမည်ကျော် “မြန်မာ့စပါးအုံး” အောင်လအန်ဆန်နဲ့ တရုတ်နိုင်ငံသား ဖန်ရောင်းတို့ အမေရိကန်နိုင်ငံမှာ မစ်ဒယ်ဝိတ်တန်းအဖြစ် လာမယ့် မေလ ၅ ရက်နေ့ ယှဥ်ပြိုင်ထိုးသတ်သွားဖို့ စီစဉ်နေတယ်လို့ ONE Championship ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ ဖန်ရောင်းဟာ အရပ်အမြင့် ၁၈၃ စီတီမီတာ (၆ ပေ) ၊ ကိုယ်အလေးချိန် ၉၃ ကီလိုဂရမ် (၂၀၅ ပေါင်) ရှိပြီး ပြိုင်ပွဲစုံ ၂၂ ပွဲမှာ နိုင်ပွဲ ၁၉ ပွဲနဲ့ ၃ ပွဲ ရှုံးနိမ့်ထားပါတယ်။

အသက် ၃၇ နှစ်ရှိတဲ့ အောင်လအန်ဆန်ကတော့ အရပ်အမြင့် ၁.၈ မီတာ (၆ ပေ ၁ လက္မ)၊ ကိုယ်အလေးချိန် ၉၃ ကီလိုဂရမ် (၂၀၅ ပေါင်) ရှိပြီး ပြိုင်ပွဲစုံ ၄၃ ပွဲမှာ နိုင်ပွဲ ၂၉ ပွဲနဲ့ ၁၃ ပွဲ ရှုံးပြီး တပွဲ ပျက်ပြယ်ထားပါတယ်။

အောင်လအန်ဆန်ဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲစဉ်နှစ်ခုမှာ ယူရှင်အိုကာမီ (ဂျပန်) နဲ့ ဂါဗာဒို (ဘရာဇီး) တို့ကို အနိုင်ရရှိထားပြီး ဖန်ရောင်း ကတော့ ဗစ်တာလီဘစ်ဒက်ရှ် (ရုရှား) နဲ့ ဒီရိုက်ဒါ (နယ်သာလန်) တို့ကို ရှုံးနိမ့်ထားပါတယ်။

“မြန်မာ့စပါးအုံး” ဟာ ဖန်ရောင်းနဲ့ ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံမှာကျင်းပတဲ့ ပြိုင်ပွဲမှာ တွေ့ဆုံ ယှဉ်ပြိုင်ထိုးသတ်ဖို့ စီစဉ်ထားပေမဲ့လည်း ဖန်ရောင်းမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့တာကြောင့် ဂါဗာဒို (ဘရာဇီး) နဲ့ လူပြောင်း ထိုးသတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အောင်လအန်ဆန်ဟာ အဲဒီပွဲစဉ်မှာ ပြိုင်ဘက်ကို ပထမအချီ စက္ကန့် ၉၀ အတွင်း အလဲထိုး အနိုင်ယူခဲ့ပါတယ်။

Up