ရုရှားဟာ နယ်ချဲ့သမားတွေလို့ ဆိုထားတဲ့ ရန်လိုနေတဲ့ တပ်ဖွဲ့တွေအပေါ် အောင်နိုင်ပါလိမ့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောကြားကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြား KRT က သတင်းထုတ်ပါတယ်။
နိုင်ငံတကာ တရားမျှတမှုကို ဖော်ဆောင်ပြီး ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးကို ကာကွယ်ဖို့နဲ့ ဩဇာအာဏာ လက်တံရှည်သူတွေနဲ့ နယ်ချဲ့တွေရဲ့ မတရားပြုမူမှုတွေကနေ ကာကွယ်ဖို့အတွက် မြင့်မြတ်တဲ့စစ်ပွဲကို သတ္တိရှိရှိ ဆင်နွှဲနေတဲ့ သမ္မတ ဗလာဒီမာ ပူတင်၊ ရုရှားစစ်တပ်နဲ့ ရုရှားပြည်သူတွေကို နွေးထွေးတဲ့ နှုတ်ခွန်းဆက်စကား ပြောကြားချင်တယ်လို့ ကင်မ်ဂျုံအန်းက ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ထံ ပေးစာတစောင်မှာ ကင်မ်က ပြောကြားခဲ့ကြောင်း KRT သတင်းမှာ ဖော်ပြပါတယ်။
ဒီမှတ်ချက်စကားတွေဟာ ယူကရိန်းနဲ့ သူ့ကို ကျောထောက်နောက်ခံပေးထားတဲ့ အမေရိကန်လို အနောက်နိုင်ငံကို ရည်ရွယ်ကြောင်း ရှုမြင်ထားပါတယ်။
မြောက်ကိုရီးယားဟာ ကရင်မလင်နန်းတော်နဲ့ ပိုနီးကပ်တဲ့ ဆက်ဆံရေးကို တည်ဆောက်ခဲ့ပြီး မနှစ်က ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ မော်စကိုကို ကျောထောက်နောက်ခံ ပြုခဲ့ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဆီက ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ ထောက်လှမ်းရေးဂြိုဟ်တုကို ဦးစားပေးလုပ်ဆောင်ဖို့ စီစဉ်ထားတဲ့အတိုင်း ပထမဆုံး သူလျှိုဂြိုဟ်တုကို လွှတ်တင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက တာဝန်ရှိသူတွေကို အမိန့်ပေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဧပြီ ၁၉ ရက်မှာ ဖော်ပြပါတယ်။
ဧပြီ ၁၈ ရက်က ပြုံယမ်းမြို့တော် အမျိုးသားလေကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီမံခန့်ခွဲရေးဌာနဆီ သွားရောက်လည်ပတ်ချိန်မှာ ကင်မ်ဂျုံအန်းက ဂြိုဟ်တုကို စီစဉ်ထားတဲ့အတိုင်း ဖြန့်ကျက်ဖို့ တိုက်တွန်းခဲ့တာပါ။
နိုင်ငံရဲ့ ထောက်လှမ်းရေးစွမ်းရည်ကို မြှင့်တင်ဖို့ မတူညီတဲ့ ပတ်လမ်းတွေမှာ ကင်းထောက်ဂြိုဟ်တု အများအပြားကို လွှတ်တင်ဖို့ အမိန့်ပေးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA က ပြောပါတယ်။
မြောက်ကိုရီးယားအစိုးရပိုင် ရုပ်မြင်သံကြား KRT ကတော့ သမီးနဲ့အတူရှိနေတဲ့ ကင်မ်ဂျုံအန်းက ဂြိုဟ်တုဖြစ်ပုံရတဲ့ မှုန်ဝါးဝါးအရာတခုရှေ့မှာ တာဝန်ရှိသူတွေနဲ့ စကားပြောဆိုနေတဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ဒီဇင်ဘာလတုန်းက သူလျှိုဂြိုဟ်တုအတွက် အရေးကြီးတဲ့ နောက်ဆုံးအဆင့်ကို စမ်းသပ်ခဲ့တယ်လို့ ပြောပါတယ်။ ဧပြီလမှာ လွှတ်တင်ဖို့ ပြင်ဆင်တာတွေ အပြီးသတ်မယ်လို့လည်း ပြောပါတယ်။
ဂြိုဟ်တုထုတ်လုပ်မှု ပြီးစီးသွားပြီလို့ KCNA က ပြောပေမဲ့ လွှတ်တင်မယ့်ရက်ကို အတိအကျ မဖော်ပြခဲ့ပါဘူး။