မြောက်ကိုရီးယားနိုင်ငံရဲ့ စားနပ်ရိက္ခာပြတ်လပ်မှု ပိုဆိုးလာမှာကို စိုးရိမ်မှုတွေ ရှိနေတဲ့ကြားမှာ ခေါင်းဆောင် ကင်မ်ဂျုံအန်းက စိုက်ပျိုးရေးထုတ်လုပ်မှုမှာ အခြေခံကျတဲ့ အသွင်ကူးပြောင်းမှုကို အင်ဂျင်နီယာတွေလုပ်ဖို့ အစိုးရအရာရှိတွေကို တိုက်တွန်းလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၂၈ ရက်မှာ ကြေညာပါတယ်။
ကိုရီးယားအလုပ်သမားပါတီ (WPK) ရဲ့ ၈ ကြိမ်မြောက် ဗဟိုကော်မတီက ဖေဖော်ဝါရီ ၂၇ ရက်မှာပြုလုပ်တဲ့ သတ္တမအကြိမ်မြောက် စုံညီအစည်းအဝေးရဲ့ ဒုတိယနေ့မှာ ခေါင်းဆောင် ကင်မ်က အခုနှစ်စပါးထွက်ရှိရေး ရည်မှန်းချက်တွေဟာ ထိပ်တန်းဦးစားပေးဖြစ်ပြီး တည်ငြိမ်တဲ့ စိုက်ပျိုးရေးထုတ်လုပ်မှုရဲ့ အရေးပါမှုကို အလေးပေး ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြပါတယ်။
မြောက်ကိုရီးယားနိုင်ငံအတွင်း စားနပ်ရိက္ခာပြတ်လပ်မှု ကြီးထွားလာနေတယ်ဆိုတဲ့ သတင်းတွေကြားထဲမှာ ကင်မ်ရဲ့မှတ်ချက် ထွက်ပေါ်လာတာဖြစ်ပြီး မြောက်ကိုရီးယားဟာ သူ့နိုင်ငံသားတွေကို မထောက်ပံ့ပေးနိုင်ဘူးဆိုတဲ့ ဝေဖန်ချက်တွေကိုလည်း ငြင်းဆိုထားပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူးကလီးယားလက်နက်နဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုအောက်မှာ ရှိနေတာဖြစ်ပြီး ကိုဗစ်-၁၉ ဖြစ်ပွားမှုကို ရပ်တန့်ဖို့ ရည်ရွယ်ပြီးတော့ ကိုယ့်ဘာသာကိုယ် တင်းကျပ်တဲ့ နယ်နိမိတ်ပိတ်ဆို့ထားတာတွေကြောင့် သူ့စီးပွားရေးဟာ ပိုပြီးအကျပ်အတည်း ရှိနေရတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ သဘာဝဘေးအန္တရာယ်တွေ ဒါမှမဟုတ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် စီးပွားရေးကိုထိခိုက်မှုကနေ ကာကွယ်ရေး ကြိုးပမ်းကြဖို့ကို အာဏာရပါတီရဲ့ ပေါလစ်ဗျူရိုအစည်းအဝေးကို ခေါ်ယူနေချိန်မှာ တိုက်တွန်းသွားကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၃ ရက်မှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၂ ရက်က ပြုံယမ်းမှာပြုလုပ်တဲ့ ပါတီအစည်းအဝေးကို တက်ရောက်နေတဲ့ အရာရှိတွေကိုမိန့်ခွန်းပြောနေတဲ့ ကင်မ်ကို အစိုးရပိုင် KRT ရုပ်သံကနေ ထုတ်လွှင့်တဲ့ ဗွီဒီယိုမှတ်တမ်းတွေမှာ ပြသထားပါတယ်။
စီးပွားရေးစီမံကိန်းတွေက အစည်းအဝေး အစီအစဉ်တွေကို လွှမ်းမိုးသွားတယ်လို့ KCNA သတင်းဌာနကဖော်ပြပါတယ်။
ကင်မ်ဟာ ပုံမှန်မဟုတ်တဲ့ ရာသီဥတု အန္တရာယ်တွေကို ကျော်လွှားဖို့ စေ့စပ်သေချာတဲ့ အစီအမံတွေဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပြီး ကပ်ရောဂါကြိုတင်ကာကွယ်ရေး တင်းကျပ်တာကိုလည်း အဓိကအရေးကြီးဆုံးအလုပ်လို့ ခေါ်ဆိုသွားကြောင်း KCNA က ဆိုပါတယ်။
နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေအပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းထားတဲ့ နယ်နိမိတ် ပိတ်ဆို့မှုနဲ့ အသွားအလာ ကန့်သတ်ထားမှုတွေကြောင့် တိုင်းပြည်ရဲ့စီးပွားရေးက အထိနာနေတာပါ။
ရာသီအလိုက် မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ တိုင်ဖွန်းမုန်တိုင်းတွေကလည်း ရိက္ခာ အထောက်အပံ့တွေ ပျက်စီးဆုံးရှုံးမှုအတွက် နောက်ထပ်စိုးရိမ်မှုတွေကို ဖြစ်စေပါတယ်။