ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်မှုကို ကာကွယ်ရေး ကြိုးပမ်းရန် ကင်မ်ဂျုံအန်တိုက်တွန်း

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ သဘာဝဘေးအန္တရာယ်တွေ ဒါမှမဟုတ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် စီးပွားရေးကိုထိခိုက်မှုကနေ ကာကွယ်ရေး ကြိုးပမ်းကြဖို့ကို အာဏာရပါတီရဲ့ ပေါလစ်ဗျူရိုအစည်းအဝေးကို ခေါ်ယူနေချိန်မှာ တိုက်တွန်းသွားကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၃ ရက်မှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၂ ရက်က ပြုံယမ်းမှာပြုလုပ်တဲ့ ပါတီအစည်းအဝေးကို တက်ရောက်နေတဲ့ အရာရှိတွေကိုမိန့်ခွန်းပြောနေတဲ့ ကင်မ်ကို အစိုးရပိုင် KRT ရုပ်သံကနေ ထုတ်လွှင့်တဲ့ ဗွီဒီယိုမှတ်တမ်းတွေမှာ ပြသထားပါတယ်။
စီးပွားရေးစီမံကိန်းတွေက အစည်းအဝေး အစီအစဉ်တွေကို လွှမ်းမိုးသွားတယ်လို့ KCNA သတင်းဌာနကဖော်ပြပါတယ်။
ကင်မ်ဟာ ပုံမှန်မဟုတ်တဲ့ ရာသီဥတု အန္တရာယ်တွေကို ကျော်လွှားဖို့ စေ့စပ်သေချာတဲ့ အစီအမံတွေဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပြီး ကပ်ရောဂါကြိုတင်ကာကွယ်ရေး တင်းကျပ်တာကိုလည်း အဓိကအရေးကြီးဆုံးအလုပ်လို့ ခေါ်ဆိုသွားကြောင်း KCNA က ဆိုပါတယ်။
နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေအပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းထားတဲ့ နယ်နိမိတ် ပိတ်ဆို့မှုနဲ့ အသွားအလာ ကန့်သတ်ထားမှုတွေကြောင့် တိုင်းပြည်ရဲ့စီးပွားရေးက အထိနာနေတာပါ။
ရာသီအလိုက် မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ တိုင်ဖွန်းမုန်တိုင်းတွေကလည်း ရိက္ခာ အထောက်အပံ့တွေ ပျက်စီးဆုံးရှုံးမှုအတွက် နောက်ထပ်စိုးရိမ်မှုတွေကို ဖြစ်စေပါတယ်။