ကွင်းလယ်လူ ကတ်စမီရိုကို ခေါ်ယူမှုဟာ လိမ္မာပါးနပ်တဲ့ ခေါ်ယူမှုတော့ မဟုတ်ကြောင်း မန်ယူဂန္ထဝင်နောက်ခံလူ ဂယ်ရီနဗီးလ်က သုံးသပ်ပါတယ်။
အသက် ၃၁ နှစ်ရှိ ဘရာဇီးကွင်းလယ်လူဟာ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်ကနေ ပေါင်သန်း ၇၀ နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနေပေမဲ့လည်း ပေးရတဲ့ပြောင်းရွှေ့ကြေးနဲ့ လုပ်ခပမာဏဟာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး အနာဂတ်အတွက် အားကိုးရနိုင်တဲ့ ကစားသမားတွေကိုသာ ဦးစားပေးခေါ်ယူသင့်ကြောင်း နဗီးလ်က ပြောပါတယ်။
ကတ်စမီရိုထက်စာရင် အန်တိုနီနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့က ပိုမိုငယ်ရွယ်ပြီး အောင်ပွဲဆာလောင်စိတ် ပိုမိုပြင်းပြတဲ့ လူငယ်ကစားသမားတွေဖြစ်တယ်လို့ နဗီးလ်က ပြောပါတယ်။
နည်းပြတန်ဟတ်ဂ် အနေနဲ့လည်း အသက်အရွယ်ကြီးရင့်တဲ့ ကစားသမားထက်စာရင် အာနာဂတ်အတွက်ပါ အားကိုးရနိုင်တဲ့ ကြယ်ပွင့်ကစားသမားတွေကို ပိုပြီးအလိုရှိလိမ့်မယ်လို့ နဗီးလ်က ပြောသွားပါတယ်။
လိဒ်ယူနိုက်တက်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းက မာစီယယ်၊ အန်တိုနီနဲ့ ကတ်စမီရိုတို့ လွဲချော်မယ်လို့သိရပါတယ်။
မန်ယူအသင်းမှာ ကွင်းလယ်လူ တွန်မီနေးနဲ့ အဲရစ်ဆင်နဲ့ ဗန်ဒီဘိခ်တို့ဟာလည်း ဒဏ်ရာပြဿနာတွေကြောင့် ပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။
အနီကတ်ပြစ်ဒဏ်ကြောင့် သုံးပွဲပယ်ခံရမယ့် ကတ်စမီရိုနဲ့ ပတ်သက်လို့ အယူခံမဝင်ဘူးလို့လည်း နည်းပြတန်ဟတ်ဂ်က အတည်ပြုသွားပါတယ်။
ဒဏ်ရာနဲ့ ပွဲပယ်ကစားသမားတွေရှိပေမယ့် ယူနိုက်တက်အသင်းလူစာရင်းမှာ အလွန်ကောင်းမွန်တဲ့ ကစားသမားတွေရှိပြီး ရှိတဲ့ ကစားသမားတွေနဲ့ အကောင်းဆုံးယှဉ်ပြိုင်မယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
လိဒ်ယူနိုက်တက်အသင်းဘက်မှာတော့ နည်းပြဂျက်စီမာ့ချ်ကို ရာထူးကနေ ထုတ်ပယ်ထားပြီး အဲဒီလိုထုတ်ပယ်တိုင်းရလဒ်ကောင်းမွန်တယ်ဆိုတာကို မယုံကြည်ကြောင်းနဲ့ နည်းပြ မာ့ချ်အတွက် စိတ်မကောင်းဖြစ်ရကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။