close

ကနီမြို့နယ်တွင် လေပြင်းကြောင့် နေအိမ်များပျက်စီး၊ အချိန်အခါမဟုတ်မိုးကြောင့် စစ်ဘေးရှောင်များ အခက်ကြုံ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ကျေးရွာတချို့မှာ ဧပြီ ၂၁ ရက် ညနေ ၅ နာရီက လေပြင်းတိုက်ကာ  မိုးရွာသွန်းတာကြောင့်  လူနေအိမ် တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

အခုလို လေပြင်းတိုက်လို့ နေအိမ်တချို့ ပျက်စီးခဲ့ရသလို ‌အချိန်အခါမဲ့ မိုးရွာတာကြောင့်  နေ‌ရေး၊ ထိုင်ရေးမှာပါ ဒုက္ခရောက်ခဲ့တယ်လို့သိရပါတယ်။

အိုင်တောင်ဒေသခံရွာသား တဦးက “လေက အတော်လေးကြမ်းတယ်။ အိုင်တောင်ရွာမက အိမ် ၃၅ လုံး ခေါင်မိုးတွေလန်ပျက်စီးသွားတယ်။ လျှပ်စစ်မီးတိုင်တွေလည်း ပျက်စီးတာ ရှိတယ်။ ကမ္ဘာအေးရွာက ၁၀ လုံး နီးပါးလောက်ဖြစ်မယ်။ တော‌ထဲမှာရှိတဲ့ စစ်ရှောင်တဲတွေလည်း တော်တော်များများ ပျက်စီးတယ်။ အုန်းပင်ဆိပ်ရွာ၊ သပြေတောရွာ၊ နတ်လာပို့ရွာတွေလည်း ပျက်စီးလောက်တယ်။ လက်ရှိ ပျက်စီးတဲ့အိမ်နဲ့ စစ်ဘေးရှောင်တဲတွေအပါဝင်ဆိုရင် ခန့်မှန်းခြေ ရာဂဏန်းလောက်ရှိလိမ့်မယ် ထင်တယ်။ အတိကျတော့ စာရင်း မပြုစုရသေးဘူး”လို့ ပြောပါတယ်။

အခုလို လေပြင်းတိုက်ခတ်တာကြောင့် ဒေသခံရွာသူရွာသားတွေအပြင် စစ်ဘေးရှောင်တဲတွေ ပါဝင်တာကြောင့် အကူအညီတွေလိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိုင်တောင်ရွာမှာ အခုလို လေးပြင်းတိုက်ခတ်လို့ အရင်နှစ်တွေက အခုလို ဖြစ်တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

Up