တရုတ်နိုင်ငံရဲ့ စီးပွားရေးမြို့တော် ရှန်ဟိုင်းက ကနေဒါကောင်စစ်ဝန်ချုပ်ရုံးက သံတမန်တယောက်ကို နှင်ထုတ်လိုက်ပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက မေ ၉ ရက်မှာ ကြေညာခဲ့ပါတယ်။
ကနေဒါနိုင်ငံ တိုရွန်တိုမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှာရှိတဲ့ သံတမန်တယောက်ကို ကနေဒါအစိုးရက မေ ၉ ရက် အစောပိုင်းမှာ နှင်ထုတ်ခဲ့ပြီးနောက် တရုတ်ဘက်က ပြန်လည်တုံ့ပြန်လိုက်တာပါ။
ကနေဒါအစိုးရရဲ့ လုပ်ရပ်ကို တရုတ်က အပြင်းအထန် ပြစ်တင်ရှုတ်ချပြီး ခိုင်ခိုင်မြဲမြဲ ဆန့်ကျင်တယ်လို့ ပြောရင်း အသည်းအသန် ကန့်ကွက်ခဲ့ပါတယ်။
အဲဒီနောက် လက်တုံ့ပြန်တဲ့အနေနဲ့ ကနေဒါကောင်စစ်ဝန် ဂျနီဖာ လင်း လာလွန်ဒေကို မေ ၁၃ ရက် မတိုင်ခင် ရှန်ဟိုင်းကနေ ထွက်သွားဖို့ နှင်ထုတ်ခဲ့တယ်လို့ ပြောခွင့်ရက ဆိုပါတယ်။
တရုတ်နိုင်ငံမှာ နောက်ထပ် တုံ့ပြန်ဖို့ အခွင့်အရေး ရှိသေးတယ်လို့လည်း ပြောခဲ့ပါတယ်။
ကနေဒါနိုင်ငံအနောက်ပိုင်း၊ အယ်လ်ဘာတာပြည်နယ်မှာ မေ ၈ ရက်က နေရာ ၁၀၀ ကျော်လောက်မှာ တောမီးတွေဆက်လက်လောင်ကျွမ်းနေပြီး အဲဒီထဲက ၂၇ ခုဟာ ထိန်းမနိုင်သိမ်းမရဖြစ်နေတယ်လို့ ယူဆရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
အခုနှစ်မှာ ပြည်နယ်အတွင်း ဧရိယာ ၃၉၀၀၀၀ ဟက်တာလောက် မီးလောင်ကျွမ်းခဲ့ကြောင်း အယ်လ်ဘာတာ တောမီးသတင်းအချက်အလက်မန်နေဂျာ ခရစ္စတီတပ်ခ်ကာက ကြေညာခဲ့ပါတယ်။
ပြည်နယ်အနှံ့ တောမီးအန္တရာယ် တိုးလာနိုင်ပြီး သီတင်းပတ်ကုန်ပိုင်းမှာ ပြင်ဆင်မှုတွေ လုပ်ထားဖို့ မျှော်လင့်ကြောင်းလည်း အာဏာပိုင်တွေကို သတိပေးထားပါတယ်။
အယ်လ်ဘာတာပြည်နယ်မှာ အရေးပေါ်အခြေအနေကြေညာထားပြီး အမြင့်ဆုံး သတိပေးချက်အဆင့် ရှိပါတယ်။
နေအိမ်ပြောင်းရွှေ့ရသူတွေကို အစိုးရက ငွေကြေးအကူအညီ ပေးမယ်လို့ အယ်လ်ဘာတာပြည်နယ် ဝန်ကြီးချုပ် ဒယ်နီယဲလ် စမစ်သ်က ကြေညာခဲ့ပါတယ်။
လူ ၃၀၀၀၀ လောက် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြပါတယ်။ မီးသတ်သမား ၇၀၀ ကျော်ကို ဖြန့်ချထားပြီး အယ်လ်ဘာတာပြည်နယ်ဟာ တခြားပြည်နယ်တွေကနေ နောက်ထပ် အင်အား ၁၀၀၀ ကို တောင်းဆိုထားကာ လာမယ့်သီတင်းပတ်မှာ ရောက်လာဖွယ် ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ပြည်နယ်အစိုးရဟာ မီးလောင်မှုကို ကူညီဖြေရှင်းပေးဖို့အတွက် မီးသတ်စွမ်းရည်ရှိတဲ့ စေတနာ့ ဝန်ထမ်းတွေကို ပြည်နယ်မှာ စာရင်းပေးသွင်းကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။