ကွင်းလယ်လူကန်တေ ပြန်ကစားနိုင်တော့မယ့်အပေါ် စိတ်လှုပ်ရှားစရာကောင်းကြောင်း ချဲလ်ဆီး နည်းပြ ဂရေဟမ်ပေါ်တာကပြောပါတယ်။
ကန်တေဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက အနားယူခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်က အသင်းနဲ့အတူစတင်လေ့ကျင့်ခန်းဆင်းနိုင်ခဲ့တာပါ။
ကန်တေဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနိုင်ပြီးဖြစ်လို့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ ထည့်သွင်းအသုံးပြုနိုင်ပေမဲ့ မိနစ် ၉၀ အပြည့်ကစားနိုင်မှာတော့ မဟုတ်ကြောင်း၊ ဒါပေမဲ့ ကန်တေပြန်လာနိုင်ခဲ့တာဟာ အသင်းအတွက် စိတ်လှုပ်ရှားစရာကောင်းကြောင်း နည်းပြပေါ်တာကပြောပါတယ်။
ချဲလ်ဆီးအသင်းမှာ နောက်ခံလူ ရိစ်ဂျိမ်းစ်ဟာလည်း ဒဏ်ရာပြန်လည်သက်သာလာလို့ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။
ချဲလ်ဆီးအသင်းရဲ့အားထားရတဲ့ ကွင်းလယ်ကစားသမား ကန်တေဟာ တံကောက်ကြော ဒဏ်ရာကြောင့် အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ် ၂ ပွဲသာ ကစားနိုင်ခဲ့ပါတယ်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု အတွက် မက်ဆီ၊ ယော်ဂင်ညိုနဲ့ ကန်တေ တို့ရရှိဖို့ ရေပန်းစားနေပါတယ်။
အကောင်းဆုံးဆုအတွက် ဆန်ခါတင် အယောက် ၃ဝ စာရင်း ထုတ်ပြန်ခဲ့ရာမှာ အဲဒီကစားသမား ၃ ဦးလည်း ပါဝင်ခဲ့ပြီး မက်ဆီနဲ့ ချဲလ်ဆီးကစားသမား ၂ ဦး အပြိုင်လုရဖို့ ဖြစ်လာခဲ့တာပါ။
မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိက ချန်ပီယံ ဆုဖလားဆွတ်ခူးနိုင်ခဲ့ပြီး ကန်တေဟာလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲ ၂ ခုစလုံးမှာ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။
အလားတူ ယော်ဂင်ညိုဟာလည်း ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်ရယူခဲ့သလို အီတလီနဲ့လည်း ယူရိုချန်ပီယံဖြစ်ခဲ့ပြီး ဥရောပအကောင်းဆုံးဘောလုံးသမား ဆုလားရရှိထားတာပါ။
ဆန်ကာတင် ၃ဝ စာရင်းမှာ ဥရောပချန်ပီယံချဲလ်ဆီးနဲ့ ဒုတိယရ မန်စီးတီးက ကစားသမား ၅ ဦးစီ ပါဝင်နေပါတယ်။
မန်ယူနိုက်တက်က စီရော်နယ်ဒိုနဲ့ ဖာနန်ဒက်စ်တို့လည်း ပါဝင်ခဲ့ပြီး စပါးက ဟာရီကိန်း၊ လီဗာပူးက ဆာလက်တို့လည်း ရွေးချယ်ခံထားရပါတယ်။