ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ဇွန် ၁၃ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲဘော်တယောက်ဒဏ်ရာရရှိခဲ့တယ်လို့ CDF-ကန်ပက်လက် တပ်မဟာမှူးက ပြောပါတယ်။
“ကန်ပက်လက်မြို့နယ် အံပုံရွာမှာ ညအိမ်စခန်းချတဲ့ စစ်(...)တွေဟာ ပြည်သူတွေရဲ့နေအိမ်က ပစ္စည်းနဲ့ ငွေကြေးတွေကို ဖောက်ထွင်းခိုးယူပြီး ရှေ့ကိုဆက်မတက်ဘဲ နောက်ကြောင်းပြန်လှည့်တာဗျ။ CDF ရဲဘော်တွေစောင့်နေတဲ့ ရှေ့ဘက်ကို ဆက်မတက်ဘဲ နောက်ကျောဘက်က နေရာယူထားတဲ့ ရဲဘော်တွေဘက်ကို ရုတ်တရက် ပြန်လှည့်လိုက်တော့ မထင်မှတ်ဘဲ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်” လို့ CDF-ကန်ပက်လက်ရဲ့တပ်မဟာမှူး ကိုရှိန်းထန်းက ဒီဗွီဘီကိုပြောပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်သားတွေဟာ မကွေးတိုင်းဘက်က အောက်လက်မွန်ရွာနဲ့ ကျောက်စစ်ကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ CDF-ကန်ပက်လက်က ရဲဘော်တယောက် ဦးခေါင်းမှာ ဒဏ်ရာ အနည်းငယ်ရရှိခဲ့ ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ကန်ပက်လက်မြို့နယ်မှာ ဇွန်လ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေနဲ့ CDF-ကန်ပက်လက်တို့ တနေကုန်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၆ ယောက်လောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားထိခိုက်သေဆုံးတဲ့ အခြေအနေကို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရ သေးပါဘူး။
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း မတ် ၇ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ CDF ကန်ပက်လက်တို့အကြား တိုက်ပွဲမှ စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးတစ်ယောက်အပါဝင် ၆ ယောက်သေဆုံးခဲ့တယ်လို့ ကန်ပက်လက် CDF ကနေသိရပါတယ်။
မကွေးတိုင်းဘက်ကနေ ကန်ပက်လက်ဘက်ကို စစ်ကြောင်း ၃ ခုခွဲပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ လေယာဥ်ကွင်းနားမှာ ဒီကနေ့ မနက် ၉ နာရီလောက်က CDF ကန်ပက်လက်အပါဝင် ညီနောင်မဟာမိတ်တပ်တွေနဲ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တာလို့ ကန်ပက်လက် CDF ရဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
“စစ်ကောင်စီဘက်က အင်အား ၁၅၀ လောက်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲပြီးတော့ တက်လာ တာဗျ။ ညီနောင်မဟာမိတ်တပ်တွေနဲ့ ပူးပေါင်း ခုခံတိုက်ခိုက်တာ။ တိုက်ပွဲ ပြင်းထန်တယ်။ စစ်ကောင်စီဘက်ကတော့ ဗိုလ်ကြီးအဆင်ရှိသူ တစ်ယောက်နဲ့ တပ်သား ၅ ယောက်လောက်သေဆုံးခဲ့တယ်။”
တိုက်ပွဲမှာ ကန်ပက်လက်မြို့ပေါ် စစ်ကောင်စီအထိုင်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ကူ ပေးခဲ့ပေမဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ အထိခိုက်အကျဆုံး မရှိခဲ့ဘူးလို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကန်ပက်လက်မြို့နယ်အတွင်းက ပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းတွေနဲ့ ငွေကြေးတွေကိုယူဆောင်တာ၊ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ကြသလို ပြည်သူတွေမွေးမြူထားတဲ့ အိမ်မွေးတိရိစ္ဆာတွေကိုလည်း သတ်ဖြတ်စား သောက်သွားကြတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။