close

ကန်ပက်လက်တိုက်ပွဲ၌ စစ်ကောင်စီတပ်က ဗိုလ်ကြီး ၁ ဦး အပါအဝင် ၆ ဦးသေဆုံး

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း မတ် ၇ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ CDF ကန်ပက်လက်တို့အကြား တိုက်ပွဲမှ စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးတစ်ယောက်အပါဝင် ၆ ယောက်သေဆုံးခဲ့တယ်လို့ ကန်ပက်လက် CDF ကနေသိရပါတယ်။

မကွေးတိုင်းဘက်ကနေ ကန်ပက်လက်ဘက်ကို စစ်ကြောင်း ၃ ခုခွဲပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ လေယာဥ်ကွင်းနားမှာ  ဒီကနေ့ မနက် ၉ နာရီလောက်က CDF ကန်ပက်လက်အပါဝင် ညီနောင်မဟာမိတ်တပ်တွေနဲ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တာလို့ ကန်ပက်လက် CDF ရဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

“စစ်ကောင်စီဘက်က အင်အား ၁၅၀ လောက်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲပြီးတော့ တက်လာ တာဗျ။ ညီနောင်မဟာမိတ်တပ်တွေနဲ့ ပူးပေါင်း ခုခံတိုက်ခိုက်တာ။ တိုက်ပွဲ ပြင်းထန်တယ်။ စစ်ကောင်စီဘက်ကတော့ ဗိုလ်ကြီးအဆင်ရှိသူ တစ်ယောက်နဲ့ တပ်သား ၅ ယောက်လောက်သေဆုံးခဲ့တယ်။”

တိုက်ပွဲမှာ ကန်ပက်လက်မြို့ပေါ် စစ်ကောင်စီအထိုင်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ကူ ပေးခဲ့ပေမဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ အထိခိုက်အကျဆုံး မရှိခဲ့ဘူးလို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကန်ပက်လက်မြို့နယ်အတွင်းက ပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းတွေနဲ့ ငွေကြေးတွေကိုယူဆောင်တာ၊ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ကြသလို ပြည်သူတွေမွေးမြူထားတဲ့ အိမ်မွေးတိရိစ္ဆာတွေကိုလည်း သတ်ဖြတ်စား သောက်သွားကြတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up