၂၀၂၁ ခုနှစ်မှာ ကဘူးလ် နိုင်ငံတကာလေဆိပ်ကို အသေခံဗုံးခွဲတိုက်ခိုက်မှုနောက်ကွယ်က အိုင်အက်စ်စစ်သွေးကြွတဦးကို တာလီဘန်တို့က သတ်ဖြတ်ခဲ့ပြီလို့ အမေရိကန် တာဝန်ရှိသူတွေက ဧပြီ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။
အာဖဂန်ကို တာလီဘန်တို့ သိမ်းပိုက်မှုအပြီး အမေရိကန်တပ်တွေနဲ့ အာဖဂန်နစ္စတန် နိုင်ငံသားတွေ ထွက်ပြေးလွတ်မြောက်စေဖို့ အမေရိကန်တပ်တွေက ကြိုးစားနေတုန်း သြဂုတ် ၂၆ ရက်က ဒီအသေခံတိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးနဲ့ အရပ်သား အများအပြား သေဆုံးခဲ့ရပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက “သူဟာ အဘ်ဘေး ဝင်ပေါက်လိုမျိုး စစ်ဆင်ရေးတွေကို ကြံစည်မှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ ခိုရာစန်ပြည်နယ်အခြေစိုက် အိုင်အက်စ် စစ်သွေးကြွအဖွဲ့ ISIS-K ရဲ့ အဓိကအရာရှိဖြစ်ပြီး အခုတော့ တိုက်ခိုက်မှုတွေကို ကြံစည်လုပ်ဆောင်တာတွေ မလုပ်နိုင်တော့ဘူး”လို့ ကြေညာချက်မှာ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ကဘူးလ်လေဆိပ်က Abbey Gate ဝင်ပေါက်ရဲ့ တရားဝင်နာမည်ကိုတော့ မဖော်ပြခဲ့ပါဘူး။
အာဖဂန်နစ္စတန်ထဲက အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) တွေဟာ တာလီဘန်တွေရဲ့ ရန်သူပါ။ အိုင်အက်စ်တွေကို သစ္စာခံတဲ့ တိုက်ခိုက်ရေးသမားတွေဟာ ၂၀၁၄ ခုနှစ်မှာ အာဖဂန်နစ္စတန် အရှေ့ပိုင်းမှာ ပထမဆုံး ပေါ်လာခဲ့ပြီး နောက်ပိုင်း တခြားနေရာတွေအထိပါ နယ်မြေချဲ့ထွင်ခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်စစ်တပ်တွေ ထွက်ခွာအပြီး ကဘူးလ်လေဆိပ်မှာ ကျန်ရစ်တဲ့ ပျက်စီးနေတဲ့ လေယာဉ်တွေနဲ့ ပစ္စည်းကိရိယာတွေကို တာလီဘန် စစ်သည်တွေက သြဂုတ် ၃၁ ရက်မှာ စစ်ဆေးခဲ့ကြပါတယ်။
လေဆိပ် ကုန်လှောင်ရုံထဲမှာ ဘီးပြားပြီး ပြတင်းမှန်တွေ ကွဲနေတဲ့ အမေရိကန် စစ်ရဟတ်ယာဉ်တွေနဲ့ ပျက်စီးနေတဲ့ ပစ္စည်းကိရိယာတွေကို မြင်ရပါတယ်။ အမေရိကန်စစ်တပ်ဟာ ကဘူးလ်ကနေ မထွက်ခင် စစ်လေယာဉ်အစီးရေ ၇၀ ကျော်နဲ့ သံချပ်ကာ မော်တော်ယာဉ် စီးရေ ဒါဇင်ချီ ဖျက်ဆီးခဲ့တာပါ။
ဒါ့အပြင် သူတို့ မထွက်ခင် ညမှာတင် အိုင်အက်စ်တွေရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်ဖို့ ကြိုးစားမှု ကနေ ကာကွယ်ပေးခဲ့တဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကိုပါ အလုပ်မလုပ်နိုင်အောင် ဖျက်ပစ်ခဲ့ ပါတယ်။
အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ပြောခွင့်ရက” ကဘူးလေဆိပ်ထဲမှာ လက်နက်ကိုင်ပြီး လျှောက်သွားနေတဲ့ တာလီဘန်တွေက အမေရိကန် ရဟတ်ယာဉ်တွေကို သိမ်းပိုက်နေတာကို မစိုးရိမ်ပါဘူး။ သူတို့ ကြိုက်သလို စစ်ဆေးနိုင်တယ်။ ဒါပေမဲ့ ပျံသန်းမောင်းနှင်နိုင်မှာ မဟုတ်ဘူး”လို့ CNN သတင်းဌာနကို ပြောပါတယ်။
ခုတော့ အမေရိကန်က မောင်းမထုတ်ခင်က အာဖဂန်ကို အုပ်ချုပ်ခဲ့ဖူးတဲ့ အိုင်အက်စ် စစ်သွေးကြွတွေဟာ အရင်ကထက် ပိုများတဲ့ နယ်မြေတွေကို သိမ်းပိုက်နေပြီလို့ ရိုက်တာ သတင်း ဌာနက ဖော်ပြပါတယ်။
အာဖဂန်နစ္စတန်မှာ အမေရိကန်ရဲ့ နှစ် ၂၀ စစ်ပွဲ အတွင်း အမေရိကန်စစ်သည် အယောက် ၂၅၀၀နဲ့ အာဖဂန်နိုင်ငံသား ခန့်မှန်းခြေ အယောက် ၂၄၀၀၀၀ သေဆုံးခဲ့ပြီး စစ်စရိတ် အမေရိကန်ဒေါ်လာ ၂ထရီလီယံ ကုန်ကျခဲ့ပါတယ်။