အင်္ဂလန်နိုင်ငံ အရှေ့ဘက်ကမ်းခြေမြို့ ဂရိတ်ယာမာ့သ်မြို့မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဒုတိယ ကမ္ဘာ့စစ်လက်ကျန် ဗုံးဟောင်းတလုံးကို ဘေးကင်းအောင်လုပ်ဆောင်နေတုန်း ဖေဖော်ဝါရီ ၁၀ ရက်က မမျှော်လင့်ဘဲ ပေါက်ကွဲခဲ့ပါတယ်။
ဒီပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း နောဖက်ခ့်ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
ဖေဖော်ဝါရီ ၇ ရက်က ယားရ်မြစ်အတွင်း သောင်တူးနေချိန်မှာ ဒုတိယကမ္ဘာစစ် ကာလက ဒီဗုံးကို ရှာဖွေတွေ့ရှိခဲ့တာပါ။
ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာဧရိယာမှာ ကြီးမားတဲ့ အကာအရံကြီးတခုကို တပ်ဆင်ထားပြီး အဲဒီမှာနေထိုင်တဲ့ ဒေသခံတွေကိုလည်း အဲ့ဒီဧရိယာတဝိုက်ကနေ စွန့်ခွာဖို့ အကြုံပြုထားပါတယ်။
ဗုံးရှင်းလင်းရေးအဖွဲ့က ဒီဗုံးကို ထိန်းချုပ်မှုအောက်မှာသာ ပေါက်ကွဲစေဖို့အတွက် ဗုံးအတွင်း စနက်တံ ဖြတ်တောက်ဖို့ စီစဉ်ထားခဲ့ပြီး ကျန်ရှိနေတဲ့ အစိတ်အပိုင်းတွေကိုလည်း ပင်လယ်ဘက်ကို ရွှေ့ပြောင်းခဲ့ပါတယ်။
ဒီလိုပေါက်ကွဲစေတတ်တဲ့ပစ္စည်းကို ဖြုတ်သိမ်းဖို့အတွက် ဖိအားတွေအောက်က ဖြည်းဖြည်းချင်း လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တစ်ခုအတွင်း အခုလိုမမျှော်လင့်ဘဲ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
အီတလီစစ်တပ်သည် နိုင်ငံရဲ့အရှည်ဆုံးမြစ်ဖြစ်တဲ့ ပိုမြစ် ခန်းခြောက်ပြီးတဲ့နောက် ရေနိမ့်ပိုင်းမှာ ရှာတွေ့ခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကျန် ဗုံးတလုံးကို သြဂုတ် ၇ ရက်က ထိန်းချုပ်ဖောက်ခွဲခဲ့ပါတယ်။
အီတလီနိုင်ငံဟာ နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုကို ရင်ဆိုင်နေရပြီး နိုင်ငံရဲ့ စိုက်ပျိုးရေးထွက်ကုန် သုံးပုံ တပုံလောက်ထွက်တဲ့ ပိုမြစ်ဝန်းကျင်ဒေသတွေအတွက် ပြီးခဲ့တဲ့လက အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
မန်တူအာမြို့အနားက မြောက်ပိုင်းမြို့ငယ်လေး ဘော်ဂို ဗီယာဂီလီယိုနားမှာ ဒုတိယကမ္ဘာစစ် အတွင်းက ကျန်ခဲ့တဲ့ ပေါင်တထောင် အလေးချိန်ရှိတဲ့ ဗုံးတလုံးကို ဇူလိုင် ၂၅ ရက်က ရှာတွေ့ခဲ့တာပါ။
“မိုးခေါင်ရေရှားလို့ မြစ်ရေလျော့နည်းသွားပြီး ပိုမြစ်ကမ်းမှာ တံငါသည်တွေက ဗုံးကို တွေ့ခဲ့တာပါ” လို့ ဗိုလ်မှူးကြီး မာကိုနာဇီက ပြောပါတယ်။
ဗုံးကို ထိန်းချုပ်ဖောက်ခွဲတဲ့ စစ်ဆင်ရေးကို ဘေးကင်းလုံခြုံတဲ့နည်းနဲ့ လုပ်ဖို့ ဘော်ဂိုဒေသခံ အယောက် ၃၀၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ စစ်တပ်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒါအပြင် အဲဒီဧရိယာရဲ့ လေပိုင်နက်ကို ပိတ်ထားပြီး မြစ်ကြောင်းတလျှောက် အသွားအလာတွေ အပြင် မီးရထားလိုင်းနဲ့ အနားက ပြည်နယ်လမ်းတွေက အသွားအလာတွေကိုပါ တားမြစ်ထား ပါတယ်။
ဗုံးရှင်းလင်းရေး အင်ဂျင်နီယာတွေက ဂရင်းနစ်စံတော်ချိန် ၇ နာရီနဲ့ ၉ နာရီ ကြားမှာ ပေါက်ကွဲစေတတ်တဲ့ ကီလိုဂရမ် ၂၄၀ ပါတဲ့ အမေရိကန်ထုတ် ဗုံးရဲ့ လျှပ်စစ်ဒဏ်ခံကြိုးကို ဖယ်ရှားခဲ့ပါတယ်။
အဲဒီနောက် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားတဲ့ ဗုံးရှင်းလင်းရေး တပ်တွေဟာ အသက်မဲ့ဗုံးကို မေဒိုလေခရိုင် မြောက်ဘက်က ကျောက်မိုင်းတခုဆီလွှဲပြောင်းပေးခဲ့ပြီး ဗုံးကို အဲ့ဒီနေရာမှာ ဖောက်ခွဲခဲ့ပါတယ်။
ဂရင်းနစ်စံတော်ချိန် မွန်းလွဲ ၂နာရီမှာ စစ်ဆင်ရေးတွေ ပြီးဆုံးခဲ့တယ်လို့ စစ်တပ်က ပြောခဲ့ပါတယ်။