ဆွီဒင်နိုင်ငံက တုတ်ထောက်ခုန်အားကစားသမား အာမန်ဒပ်ပလန်းတစ်ဟာ သူကိုယ်တိုင် တင်ထားတဲ့ အရင်ကမ္ဘာ့စံချိန်ဟောင်းကို ကျော်ဖြတ်ပြီး ၆ ဒသမ ၂၂ မီတာအမြင့်နဲ့အတူ ဖေဖော်ဝါရီ ၂၅ ရက်က ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ ကလယ်မွန့် ဖယ်ရန်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ပြေးခုန်ပစ် Indoor Tour Silver ပြိုင်ပွဲက တုတ်ထောက်ခုန် ကမ္ဘာ့စံချိန်ဟောင်း ၆ ဒသမ ၂၁ မီတာအမြင့်ကို ဒပ်ပလန်းတစ်ကပဲ ပိုင်ဆိုင်ထားတာပါ။
အသက် ၂၃ နှစ်အရွယ် အိုလံပစ်ချန်ပီယံဟာ ပထမကြိုးစားမှု နှစ်ကြိမ်စလုံးမှာ တန်းနဲ့တိုက်ခဲ့ပေမဲ့ တတိယအကြိမ်မှာတော့ တန်းကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့တာကြောင့် ပရိသတ်လူအုပ်ကြီးက အားပေးရင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။
အမြင့်တန်းကိုကျော်ဖြတ်အပြီး မြေပြင်ပေါ်အကျမှာပဲ အောင်ပွဲခံမီးပန်းတွေ ထွက်ပေါ်လာကာ ၂၀၁၂ ခုနှစ်က အိုလံပစ်ချန်ပီယံဟောင်းတဦးဖြစ်တဲ့ ဒါရိုက်တာ ရီနို့ လယ်ဗေးနီကို ဒပ်ပလန်းတစ်က ပျော်ရွှင်မှုတွေနဲ့အတူ သွားရောက်ပွေ့ဖက်ခဲ့ပါတယ်။
ဒပ်ပလန်းတစ် ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ အမေရိကန်နိုင်ငံ အောရီဂန်ပြည်နယ် ယူဂျင်းမြို့က ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲဆီသွားရာ လမ်းကြောင်းမှာ အရင်ကမ္ဘာ့စံချိန်ဟောင်းကို ပြီးခဲ့တဲ့နှစ်၊ ဇူလိုင်လကမှ တင်ထားခဲ့တာပါ။
စနေနေ့မှာ အခုလို စံချိန်အသစ်တင်နိုင်ခဲ့တာကြောင့် ဒါဟာ ဒပ်ပလန်းတစ်အတွက် ကစားသမားဘဝ ၆ ကြိမ်မြောက် ကမ္ဘာ့စံချိန်တခုဖြစ်သလို ၆ မီတာနဲ့အထက် တန်းကျော်လွှားမှုကိုလည်း ဒီ ဆွီဒင်နိုင်ငံသားက အကြိမ် ၆၀ မြောက်အထိ လုပ်ပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီလအစောပိုင်းတုန်းက ဆွီဒင်နိုင်ငံ အူ(ပ်)ဆာလာမြို့က အိမ်ကွင်းပရိသတ်တွေရှေ့မှာ ၆ ဒသမ ၁၀ မီတာအမြင့်နဲ့အတူ ဒပ်ပလန်းတစ်အတွက် အကောင်းဆုံးရာသီအဖွင့်မှတ်တမ်းကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
ချီလီနိုင်ငံတောင်ပိုင်း ကာဘို့ဒေအော်နို့စ်ကနေ ပစိဖိတ်နဲ့ အတ္တလန္တိတ်သမုဒ္ဒရာကြားကို ဖြတ်ကူးပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့တယ်လို့ ချီလီရေကူးသမား ဘာဘရာဟာနန်ဒက်ဇ်က ဇွန် ၁၅ ရက်မှာ ကြေညာပါတယ်။
ဟာနန်ဒက်ဇ်ဟာ ဖေဖော်ဝါရီလက ၁၅ မိနစ်နဲ့ ၃ စက္ကန့်အတွင်း ရေမိုင်တမိုင်ရေကူးရင်း ဂင်းနစ်စံချိန်ကို ချိုးဖျက်ခဲ့တာပါ။
World Open Water Swimming Association ကလည်း သမုဒ္ဒရာနှစ်ခုကြား ရေမိုင် ၃,၅၀၀ (မီတာ ၅,၅၀၀) ရေကူးဖူးတဲ့ ပထမဆုံးလူသားအဖြစ် သူ့ကို ဆုချီးမြှင့်ခဲ့ပါတယ်။
'ရေခဲ ရေသူမ' လို့ လူသိများတဲ့ အသက် ၃၆ နှစ်အရွယ် စိတ်ပညာရှင်နဲ့ ရေကူးသမားက သူ့အောင်မြင်မှုဟာ ချီလီနိုင်ငံသားအားလုံးရဲ့ အောင်မြင်မှုအဖြစ် ခံစားစေချင်တယ်လို့ ချီလီနိုင်ငံသားအားလုံးကို ပြောခဲ့ပါတယ်။
"ကျမက အိပ်မက်ကြီးကြီးမက်ဖို့ ပွင့်ပွင့်လင်းလင်း တောင်းဆိုချင်ပါတယ်။ ကမ္ဘာကြီးရဲ့ အဆုံးကနေ တခြားသူတွေရဲ့ ဘဝတွေကို အကျိုးသက်ရောက်စေမယ့် အရာတွေကို လုပ်နိုင်တယ်ဆိုတာ သိစေချင်ပါတယ်" လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။
ဟာနန်ဒက်ဇ် ရေကူးနေချိန်မှာ ချီလီရေတပ်က အနီးကပ်စောင့်ကြည့်ခဲ့တာပါ။ သူရေကူးနေချိန်မှာ အကူအညီယူဖို့၊ အနားယူဖို့ ဒါမှမဟုတ် အအေးဒဏ်ကာကွယ်ပေးတဲ့ ရေကူးရေငုပ်ဝတ်စုံ နီယိုပရင်းတောင်ကို ဝတ်ဖို့ ခွင့်မပြုပေးခဲ့ပါဘူး။