အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာ ကျင်းပနေတဲ့ အနုပညာ ကျွမ်းဘားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယူကရိန်းနိုင်ငံရဲ့ ဆယ်ကျော်သက် ကစားသမားဖြစ်သူ အီလီယာကော့ဗ်တွန်က ဧပြီလ ၂၉ ရက်အထိ ဆုတံဆိပ်ဆု ၂ ခုကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
အလွတ်ခုန် ကျွမ်းဘားပြိုင်ပွဲမှာ အသက် ၁၉ နှစ်အရွယ် ကော့ဗ်တွန်က ရမှတ် ၁၄ ဒသမ ၄၃၃ ရပြီး ခရိုအေးရှားနိုင်ငံသား အော်ရယ်ဘန်နိုဗစ်နဲ့ အိုင်ယာလန်နိုင်ငံသား အေမန်မွန့်ဂိုမရီတို့ကို ကျော်ဖြတ်ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့တာပါ။
မြင်းကုန်းနှီးပုံစံ ခုံပေါ်မှာယှဉ်ပြိုင်ကစားရတဲ့ ကျွမ်းဘားပွဲစဉ်မှာလည်း ကော့ဗ်တွန်က ကြေးတံဆိပ် ဆု ရရှိခဲ့ပြီး ရမှတ်အဖြစ် ၁၄ ဒသမ ၅၆၆ အထိ ရရှိခဲ့ပေမဲ့ အာမေးနီးယားနိုင်ငံသား ဟာရူတွန် မာဒင်ဉာဏ်နဲ့အတူ တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့ ရွှေတံဆိပ်ဆုကို ထိုင်ဝမ်ကစားသမား လီချီကိုင်က ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်။ အားမေးနီးယားနိုင်ငံသားဖြစ်တဲ့ ဂါဂစ် ခါချစ်ခန်ကလည်း ငွေ တံဆိပ်ဆုကို ရယူနိုင်ခဲ့ပါတယ်။
၂ ရက်တာကျင်းပတဲ့ ကျွမ်းဘားကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အမျိုးသားကွင်းခို (rings)ပွဲစဉ်မှာ အဇာဘိုင်ဂျန်နိုင်ငံသား နီကီတာ ဆိုင်မွန်နော့ဗ်၊ အမျိုးသမီးတန်းခို (uneven bars)ပွဲစဉ်မှာ အီတလီနိုင်ငံသူ အာရှာဒီအမာတိုနဲ့ အမျိုးသမီးခုံကျော် (vault)ပွဲစဉ်မှာ အမေရိကန်နိုင်ငံသူ ဂျော့ဆယ်လင်း ရိုဘာဆန်တို့က ရွှေတံဆိပ်ကို အသီးသီး ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။
၂၀၂၃ ခုနစ်အတွက် FIBA ဘတ်စကတ်ဘော ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ မဲခွဲဆုံးဖြတ်မှုကို ဧပြီ ၂၉ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပပါတယ်။
လက်ရှိချန်ပီယံဖြစ်တဲ့ စပိန်အသင်းဟာ ဘရားဇီးလ်အသင်းနဲ့ အုပ်စုအဆင့်မှာတင် ရင်ဆိုင်ကစား ရဖို့ ရှိနေပြီး ဒီပြိုင်ပွဲရဲ့ ချန်ပီယံ ၅ ဆုရှင် အမေရိကန်အသင်းကတော့ ဂရိအသင်းနဲ့အတူ အုပ်စုတစ်ခုထဲမှာ ကျရောက်နေပါတယ်။
ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံတို့က အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမယ့် ဘတ်စကတ်ဘော ကမ္ဘာ့ဖလားပြိုင်ပွဲကို သြဂုတ် ၂၅ ရက်ကနေ စက်တင်ဘာ ၁၀ ရက်အထိ ပြုလုပ်သွားမှာ ဖြစ်သလို နိုင်ငံကိုယ်စားပြုအသင်းပေါင်း ၃၂ သင်းက ပါဝင်ယှဉ်ပြိုင်သွားမှာပါ။
ကမ္ဘာ့အဆင့် ရပ်တည်ချက်အတွင်း ထိပ်ဆုံးနေရာမှာရှိနေတဲ့ စပိန်အသင်းဟာ ဒီနှစ်မှာ ချန်ပီယံဆု ကာကွယ်ရမှာ ဖြစ်သလို တတိယမြောက် ကမ္ဘာ့ဖလားကို ၂ နှစ်ဆက် ရယူနိုင်ဖို့အတွက် အီရန်နဲ့ အိုင်ဗရီကို့စ် အသင်းတို့ကိုပါ ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့အဆင့် ၂ နေရာက အမေရိကန်အသင်းကတော့ ဂျော်ဒန်နဲ့ နယူးဇီလန် အသင်းတို့ကို အုပ်စုတွင်းပြိုင်ဘက်အဖြစ် ရင်ဆိုင် ကစားသွားရမှာပါ။
ကမ္ဘာ့ဖလားချန်ပီယံဆုကို ၅ ကြိမ်အထိ စံချိန်တင်ဆွတ်ခူးထားတဲ့ အမေရိကန်အသင်းဟာ နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၁၉ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
၂၀၁၉ ဘတ်စကတ်ဘော ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့တဲ့ အာဂျင်တီး နားအသင်းကတော့ ၄၁ နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီပြိုင်ပွဲရဲ့ လက်ရည်စစ်ပွဲအဆင့် ကနေ ထွက်ခွာခဲ့ရပါတယ်။
ဆားဘီးယားအသင်းနဲ့ကန်တဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူး ရစ်ချာလီဆန်ရဲ့ သွင်းဂိုးကို ၂၀၂၂ ကာတာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးအဖြစ် မဲအများဆုံးနဲ့ ရွေးချယ်ခံခဲ့ရပါတယ်။
ဆားဘီးယားနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ ရစ်ချာလီဆန်က ၂ ဂိုးသွင်းခဲ့ပြီး ပွဲချိန် ၇၃ မိနစ်မှာ သွင်းခဲ့တဲ့ ဂိုးက အကောင်းဆုံးဂိုးအဖြစ်သတ်မှတ်ခံခဲ့ရတာပါ။
ရစ်ချာလီဆန်ဟာ ဂိုးဧရိယာထဲမှာ ဘောလုံးကို လေပေါ်မြှောက် တို့ပြီး ဘိုင်စကယ်ကစ်နဲ့ မြေမကျ ကန်သွင်းခဲ့တာပါ။
အဲဒီသွင်းဂိုးဟာ အသင်းဖော် တိုက်စစ်မှူး နေမာရဲ့ ခရိုအေးရှားအသင်းနဲ့ပွဲက သွင်းဂိုး၊ အာဂျင်တီးနားနဲ့ ဗိုလ်လုပွဲစဉ်က အမ်ဘာပေရဲ့ ဒုတိယမြောက်သွင်းဂိုးတွေကို ကျော်ဖြတ်ပြီး မဲအများဆုံးနဲ့ အကောင်းဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။
စပါးတိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ၃-၄ ပတ်ခန့် အနားယူ ရနိုင်တယ်လို့သိရပါတယ်။