close

ကမ္ဘာ့ဖလား

close

April 7, 2023

ဖီဖာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အာဂျင်တီးနားအသင်း နံပါတ် ၁ နေရာရောက်

ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းဟာ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်ရဲ့  ထိပ်ဆုံးနေရာကို ၆ နှစ်အကြာ ဧပြီ ၆ ရက်မှာ ဘရာဇီးလ်အသင်းဆီကနေ လွှဲပြောင်းရယူနိုင်ခဲ့ပါတယ်။

မနှစ်က ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို အာဂျင်တီးနားအသင်းက အနိုင်ယူခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော်အကြာမှာ ကမ္ဘာ့ဖလား အောင်မြင်မှု ရရှိခဲ့ပါတယ်။

နည်းပြ လီယွန်နယ်စကယ်လိုနီရဲ့ အာဂျင်တီးနားအသင်းဟာ နောက်ဆုံးခြေစမ်းပွဲစဉ်တွေမှာလည်း ပနားမားအသင်းကို ၂ ဂိုး ဂိုးမရှိ၊ ကူရာဆောင်အသင်းကို ၇ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ယူခဲ့ပြီးနောက် ကမ္ဘာ့အဆင့် ၁ နေရာကို ပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ပြင်သစ်အသင်းအနေနဲ့လည်း ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်တွေအဖြစ် နယ်သာလန်အသင်းကို ၄ ဂိုး ဂိုးမရှိ အပြင် အိုင်ယာလန်အသင်းကိုပါ ၁ ဂိုး ဂိုးမရှိ ရလဒ်တွေနဲ့ အနိုင်ရရှိခဲ့တာကြောင့် ကမ္ဘာ့အဆင့်ရပ်တည်ချက်မှာ ဒုတိယနေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။

ဘရာဇီးလ်အသင်းကတော့ မော်ရိုကိုအသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ကမ္ဘာ့အဆင့် ရပ်တည်ချက်မှာ တတိယနေရာကို ကျဆင်းသွားပါတယ်။

ကမ္ဘာ့အဆင့်သတ်မှတ်ချက်အတွင်း ဘယ်လ်ဂျီယံအသင်းက အဆင့် ၄ နေရာမှာ အရင်အတိုင်း ဆက်ရှိနေပြီး အင်္ဂလန်အသင်းက အဆင့် ၅၊ နယ်သာလန်အသင်းက အဆင့် ၆၊  ခရိုအေးရှားအသင်းက အဆင့် ၇၊ အီတလီအသင်းက အဆင့် ၈၊ ပေါ်တူဂီအသင်းနဲ့ စပိန်အသင်းတို့က အဆင့် ၉ နဲ့ အဆင့် ၁၀ နေရာတွေမှာ အသီးသီး ရပ်တည်နေကြပါတယ်။

ဗဟိုအာဖရိကသမ္မတနိုင်ငံကတော့ နောက်ဆုံး ကမ္ဘာ့အဆင့်သတ်မှတ်ချက်အတွင်း အကြီးမားဆုံး တိုးတက်မှုရှိခဲ့ပြီး ၁၀ နေရာအထိ ကျော်လွှားကာ ကမ္ဘာ့အဆင့် ၁၂၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

51 mins Ago

March 31, 2023

တောင်အမေရိကဘောလုံးအဖွဲ့ချုပ် ရုံးချုပ်တွင် မက်ဆီ ရုပ်တု ဂုဏ်ပြုထားရှိ

တောင်အမေရိကတိုက်သား ဂန္ထဝင်ဘောလုံးသမားတွေဖြစ်ကြတဲ့ ပီလီ၊ ဒီယေဂိုမာရာဒိုနာတို့နဲ့ တန်းတူ အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီရဲ့ ရုပ်တုကို တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် (CONMEBOL) ရဲ့ ရုံးချုပ်မှာ မတ်လ ၃၀ ရက်က ဂုဏ်ပြုထားရှိလိုက်ပါတယ်။

တောင်အမေရိကတိုက်ရဲ့ အမြင့်ဆုံး ဘောလုံးပြိုင်ပွဲတခုဖြစ်တဲ့ ကိုပါ လီဘာတာဒေါရက်စ် မဲခွဲဆုံးဖြတ်မှုမတိုင်ခင် ပါရာဂွေးနိုင်ငံ လူကေးမြို့က ရုံးချုပ်နေရာမှာ ဖွင့်ပွဲအခမ်းအနားနဲ့ အတူ မက်ဆီရဲ့ ပုံစံတူရုပ်တုကို ပြသထားတာပါ။

အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ ကာတာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ၃၆ နှစ်တာအတွင်း ပထမဆုံး ကမ္ဘာ့ဖလား အောင်မြင်မှုရရှိအောင် ဦးဆောင်နိုင်ခဲ့တာကြောင့် ဂန္ထဝင်ကစားသမားကြီး မာရာဒိုနာရဲ့ ခြေရာအတိုင်း ထပ်တူလိုက်နင်းနိုင်ခဲ့ပါတယ်။

ပနားမားအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ မက်ဆီရဲ့ ကစားသမားဘဝ သွင်းဂိုး ၈၀ဝ ပြည့်မြောက်ခဲ့တဲ့အတွက် ၂ ရက်အကြာမှာပဲ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က နိုင်ငံအသင်းရဲ့ လေ့ကျင့်ရေးအဆောက်အအုံအမည်ကို “လီယွန်နယ် အန်ဒရက်စ် မက်ဆီ” လို့ ပြီးခဲ့တဲ့စနေနေ့က ပြောင်းလဲလိုက်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကလည်း ကူရာဆောင်နိုင်ငံအသင်းကို ၇ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ မက်ဆီက ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းအတွက် သွင်းဂိုး ၁၀၀ ကျော်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

7 days Ago
Up