တောင်ဒဂုံကမ္ဘာ့ရတနာဘဏ် မန်နေဂျာသေဆုံးမှုနဲ့ ပတ်သက်ပြီး ကျောင်းသား ၇ ယောက် နိုဝင်ဘာ ၃၀ ရက်မှာ အင်းစိန်ထောင်အတွင်း စစ်ခုံရုံးကနေ သေဒဏ်ချမှတ်ခဲ့သလို တခြားသူ ၅ ယောက်ကိုလည်း သေဒဏ်ခဲ့မှတ်ခဲ့တယ်လို့ ထောင်နဲ့နီးစပ်တဲ့ ရှေ့နေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှာ ဖြစ်ပွားခဲ့တဲ့ တောင်ဒဂုံမြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ်ခွဲကို ဓားပြတိုက်ပြီး ဘဏ်တာဝန်ခံမန်နေဂျာ ဒုဗိုလ်မှူးဟောင်း စောမိုးဝင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီတရားရုံးက ပြစ်ဒဏ်ချမှာလိုက်တာဖြစ်ပါတယ်။
ရှေ့နေက “မနေ့က စုစုပေါင်း ၁၂ ယောက်ကို သေဒဏ်ချတာ၊ ဘဏ်မန်နေဂျာသေဆုံးမှုနဲ့ အစွဲခံထားရတဲ့ ကျောင်းသား ၇ ယောက်လည်း ပါပါတယ်။ ပုဒ်မ ၃၀၂ က/၃၄ နဲ့ပါ၊ တခြား၅ ဦးကိုတော့ ဘယ်သူတွေပါလဲဆိုတာ အတည်မပြုနိုင်ပါဘူး” လို့ပြောတယ်။
သေဒဏ်ချမှတ်ခံရတဲ့ ကျောင်းသား ၇ ယောက်ကတော့ ဒဂုံတက္ကသိုလ် ကျောင်းသားဟောင်းနဲ့ ကျောင်းတက်ရောက်ဆဲကျောင်းသားတွေဖြစ်ပြီး လူသတ်မှု အပြစ်ဒဏ် ပုဒ်မ ၃၀၂ အပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ကျန်ရှိနေတဲ့ ပြစ်မှုတွေအတွက် သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသား ၇ ဦးထဲက ၃ ဦးကို အကြမ်းဖက်မှုနဲ့ အလုံမြို့နယ်တရားရုံးမှာ ဆက်လက်စစ်ဆေးသွားဖို့ရှိနေပါတယ်။
ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ တာဝန်ခံ ကော်ပီက “ကျနော်တို့ကတော့ ဒီကိစ္စကလုံးဝ မဖြစ်သင့်တဲ့ကိစ္စ၊ လုံးဝမတရားတဲ့ကိစ္စလို့ မြင်တယ်။ ရန်သူက ရန်သူလို ကျင့်နေတယ်။ မိဘပြည်သူတွေအနေနဲ့လည်း တော်လှန်ရေး ရဲဘော်တွေ၊ UG တွေ၊ မြို့ပြသပိတ်တွေကို အတတ်နိုင်ဆုံးဖေးမ၊ ကူညီပေးကြပါလို့ပဲ ကျနော်ပြောချင်ပါတယ်။ ဘာဖြစ်ဖြစ် ကျနော်တို့ကတော့ အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ ဒီကောင်ကို အတတ်နိုင်ဆုံး တော်လှန်နေဦးမှာပဲ တိုက်ခိုက်နေဦးမှာပဲ” လို့ ပြောပါတယ်။
အဆိုပါ ဖြစ်စဉ်က ၂၀၂၂ ဧပြီ ၁၈ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘဏ်ကို ဓားပြဝင်တိုက်စဉ် ဘဏ်မန်နေဂျာ စောမိုးဝင်းက ဘဏ်အဝင်မှာ သေနတ်ကိုင်ထားတဲ့လူကို ဝင်လုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက် သေနတ်သမားက သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ဗိုလ်မှူးဟောင်း စောမိုးဝင်းကို ဧပြီ ၁၈ ရက်နေ့ မနက်ပိုင်းမှာ အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ လာရောက် ပစ်ခတ်သွားတယ်လို့ သိရပါတယ်။
၁၉ ရပ်ကွက်အပိုင် မောင်းမကန်လမ်းပေါ်က ကမ္ဘာ့ရတနာဘဏ် မန်နေဂျာဖြစ်သူကို အမည်မသိအဖွဲ့တဖွဲ့က မနက် ၈ နာရီခွဲလောက်မှာ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဖြစ်တာက မနက် ၈ ခွဲလောက်က ဖြစ်တာ။ အသံကြားလိုက်ရတယ်။ သေတယ် ရှင်တယ်ဆိုတာတော့ မသိဘူး။ အရေးပေါ်ကားနဲ့ ခေါ်သွားတာတော့ တွေ့တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံပြည်သူတွေက ကူညီဖို့ရောက်နေချိန်မှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး သေနတ်ပစ်ဖောက်တာတွေ လုပ်လို့ အကုန်လုံး ထွက်ပြေးလာရတယ်လို့ ဆိုပါတယ်။
ဗိုလ်မှူးဟောင်း ဘဏ်မန်နေဂျာ စောမိုးဝင်း သေနတ်ပစ်ခတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီ တပ်သားတွေက တောင်ဒဂုံမြို့နယ် အဝင်အထွက် လမ်းများအားလုံးကို ပိတ်ချလိုက်ပြီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘဏ်မန်နေဂျာဟာ သေနတ်ဒဏ်ရာတွေ ရရှိတာ စိုးရိမ်ရတဲ့အခြေအနေဖြစ်ပြီး ဆေးရုံပို့ဆောင်ချိန်မှာ သေဆုံးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ဗိုလ်မှူးဟောင်းကို ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာကို သတင်းမထုတ်ပြန်သေးသလို ဖမ်းဆီးခံရတာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။