close

ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးအပါအဝင် ၁၂ ဦးကို စစ်ခုံရုံးက သေဒဏ်ချမှတ်

တောင်ဒဂုံကမ္ဘာ့ရတနာဘဏ် မန်နေဂျာသေဆုံးမှုနဲ့ ပတ်သက်ပြီး  ကျောင်းသား ၇ ယောက် နိုဝင်ဘာ ၃၀ ရက်မှာ အင်းစိန်ထောင်အတွင်း စစ်ခုံရုံးကနေ သေဒဏ်ချမှတ်ခဲ့သလို တခြားသူ ၅ ယောက်ကိုလည်း သေဒဏ်ခဲ့မှတ်ခဲ့တယ်လို့  ထောင်နဲ့နီးစပ်တဲ့ ရှေ့နေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ ဖြစ်ပွားခဲ့တဲ့ တောင်ဒဂုံမြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ်ခွဲကို ဓားပြတိုက်ပြီး ဘဏ်တာဝန်ခံမန်နေဂျာ ဒုဗိုလ်မှူးဟောင်း စောမိုးဝင်းကို သေနတ်နဲ့  ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီတရားရုံးက ပြစ်ဒဏ်ချမှာလိုက်တာဖြစ်ပါတယ်။

ရှေ့နေက “မနေ့က စုစုပေါင်း ၁၂ ယောက်ကို သေဒဏ်ချတာ၊ ဘဏ်မန်နေဂျာသေဆုံးမှုနဲ့ အစွဲခံထားရတဲ့ ကျောင်းသား ၇‌ ယောက်လည်း ပါပါတယ်။ ပုဒ်မ ၃၀၂ က/၃၄ နဲ့ပါ၊ တခြား၅ ဦးကိုတော့ ဘယ်သူတွေပါလဲဆိုတာ အတည်မပြုနိုင်ပါဘူး” လို့ပြောတယ်။

သေဒဏ်ချမှတ်ခံရတဲ့ ကျောင်းသား ၇ ယောက်ကတော့ ဒဂုံတက္ကသိုလ် ကျောင်းသားဟောင်းနဲ့ ကျောင်းတက်ရောက်ဆဲကျောင်းသားတွေဖြစ်ပြီး လူသတ်မှု အပြစ်ဒဏ် ပုဒ်မ ၃၀၂ အပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

ကျန်ရှိနေတဲ့ ပြစ်မှုတွေအတွက် သေဒဏ်ချမှတ်ခံထားရတဲ့  ကျောင်းသား ၇ ဦးထဲက ၃ ‌ဦးကို အကြမ်းဖက်မှုနဲ့ အလုံမြို့နယ်တရားရုံးမှာ ဆက်လက်စစ်ဆေးသွားဖို့ရှိနေပါတယ်။ 

ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ တာဝန်ခံ ကော်ပီက “ကျနော်တို့ကတော့ ဒီကိစ္စကလုံးဝ မဖြစ်သင့်တဲ့ကိစ္စ၊ လုံးဝမတရားတဲ့ကိစ္စလို့ မြင်တယ်။ ရန်သူက ရန်သူလို ကျင့်နေတယ်။ မိဘပြည်သူတွေအနေနဲ့လည်း တော်လှန်ရေး ရဲဘော်တွေ၊ UG တွေ၊ မြို့ပြသပိတ်တွေကို အတတ်နိုင်ဆုံးဖေးမ၊ ကူညီပေးကြပါလို့ပဲ ကျနော်ပြောချင်ပါတယ်။ ဘာဖြစ်ဖြစ် ကျနော်တို့ကတော့ အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ ဒီကောင်ကို အတတ်နိုင်ဆုံး တော်လှန်နေဦးမှာပဲ တိုက်ခိုက်နေဦးမှာပဲ” လို့ ပြောပါတယ်။

အဆိုပါ ဖြစ်စဉ်က ၂၀၂၂ ဧပြီ ၁၈ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘဏ်ကို ဓားပြဝင်တိုက်စဉ် ဘဏ်မန်နေဂျာ စောမိုးဝင်းက ဘဏ်အဝင်မှာ သေနတ်ကိုင်ထားတဲ့လူကို ဝင်လုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက် သေနတ်သမားက သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up