close

ကမ္ဘာ့ရွှေဈေး

close

September 27, 2022

ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးအကျကြောင့် ပြည်တွင်းရွှေဈေး ထပ်မံကျဆင်း

ကမ္ဘာ့ရွှေဈေးနဲ့ ပြင်ပဒေါ်လာပေါက်ဈေး ဆက်လက်ကျဆင်းနေတာကြောင့်  ပြည်တွင်းရွှေဈေး ကျပ် ၂၇ သိန်း ဝန်းကျင်ထိ ထပ်မံကျဆင်းလာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြင်ပဒေါ်လာပေါက်စျေးက တစ်ဒေါ်လာကို ၃၂၀၀ ကျပ် ဝန်းကျင်၊ အခေါက်ရွှေဈေးက  တစ်ကျပ်သားကို ကျပ် ၂၈ သိန်း အထက်မှာရှိခဲ့ပါတယ်။ 

ဒီနေ့ စက်တင်ဘာ ၂၇ ရက်  မွန်းလွဲပိုင်းမှာတော့ ပြင်ပဒေါ်လာပေါက်စျေးက တစ်ဒေါ်လာကို ၃၀၈၀ ကျပ် ၊ အခေါက်ရွှေဈေးက  တစ်ကျပ်သားကို ကျပ် ၂၇ သိန်း ဝန်းကျင်ထိ ကျဆင်းလာခဲ့တာဖြစ်ပါတယ်။

သီတင်းပတ်တစ်ပတ်အတွင်း  တစ်ဒေါ်လာကို မြန်မာငွေ ကျပ် ၁၀၀ ကျော် ၊ ရွှေဈေးက တစ်ကျပ်သားကို ကျပ်တစ်သိန်းကျော် ပြန်လည် ကျဆင်းခဲ့တာပါ။

ကမ္ဘာ့ရွှေစျေးကလည်း ပြီးခဲ့တဲ့သီတင်းပတ်က တစ်အောင်စကို  ၁၆၇၅ ဒေါ်လာ ဝန်းကျင်မှာရှိခဲ့ပြီးတော့  ဒီနေ့ နေ့လည်ပိုင်းမှာ တစ်အောင်စကို ၁၆၃၄ ဒေါ်လာထိ ကျဆင်းလာခဲ့ပြီး တစ်ပတ်အတွင်း  တစ်အောင်စကို ဒေါ်လာ ၄၀ ဝန်းကျင် ကျဆင်းခဲ့ပါတယ်။

“အဓိကကတော့ ဒေါ်လာဈေး ပြန်ကျနေလို့ပါ။ အပြင်ဒေါ်လာဈေး ကျလို့ ရွှေဈေးကျတာပါ။ ကမ္ဘာ့ရွှေဈေး ကျနေတာလည်း ပါပါတယ်။ ဒီနှစ်ခု ဆုံသွားတာပါ။ ဒေါ်လာဈေး အရင်ဒေါ်လာဈေး ပြန်မဖြစ်ရင်တော့ ရွှေဈေးလည်း အရင်ရွှေဈေး ပြန်ဖြစ်ဖို့ မလွယ်ပါဘူး”လို့ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ဒီနေ့ နေ့ခင်းပိုင်း ရန်ကုန်မြို့အတွင်းက ရွှေအရောင်းဆိုင်တွေမှာတော့ အခေါက်ရွှေ တစ်ကျပ်သားကို ၂၇၀၀၀၀၀ ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားကို ၂၅၄၁၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ပြုလုပ်နေကြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့ကတော့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၅ သိန်းအထက်ထိ စံချိန်တင် ရောက်ရှိခဲ့ပြီး၊ ပြင်ပ ဒေါ်လာငွေလဲနှုန်းက ၄၅၀၀ ကျပ်ဝန်းကျင်ထိ မြင့်တက်ခဲ့ပါတယ်။ 

စံချိန်တင်ထိုးတက်နေတဲ့ ရွှေနဲ့ ဒေါ်လာဈေးကို ထိန်းညှိဖို့ ငွေကြေးဈေးကွက်အတွင်းကို ဒေါ်လာသန်း ၂၀၀ ကျော် ထည့်သွင်းခဲ့ပြီး၊ ရွှေဒင်္ဂါးပြားတွေ ထုတ်ရောင်းပေးတဲ့ အစီအစဉ်ကို စစ်ကောင်စီက ဆောင်ရွက်ခဲ့ပြီးတဲ့နောက် ပြင်ပဈေးကွက်မှာ ဒေါ်လာဈေးအထိုက်အလျောက် ပြန်လည်ကျဆင်းလာပြီး၊ ရွှေဈေးလည်းလိုက်ပါကျဆင်းလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက် စျေးကွက်ပေါက်ဈေးနဲ့ ယှဥ်ရင် တစ်လနီးပါးအတွင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်  ၈ သိန်းကျော်၊ အမေရိကန်တစ်ဒေါ်လာကို ၁၅၀၀ ကျပ် ဝန်းကျင်ထိ   ပြန်လည်ကျဆင်းခဲ့တာဖြစ်ပါတယ်။

11 mins Ago

July 1, 2022

ကမ္ဘာ့ရွှေဈေးကျနေသော်လည်း ပြည်တွင်းရွှေစျေး ထပ်မံမြင့်တက်လာ

မြန်မာပြည်တွင်းရွှေစျေးက တစ်ကျပ်သားကို ကျပ် သိန်း၂၀၅၀၀၀၀ အထက်မှာ ရက်အတန်ကြာ ငြိမ်နေခဲ့ရာက အခုရက်ပိုင်းအတွင်း   ကျပ် ၂၀၆၀၀၀၀ အထက်ကို  ထပ်မံ မြင့်တက်လာပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းကထုတ်ပြန်တဲ့ ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းအကယ်ဒမီ မီးလင်းရွှေအပိတ်ဈေးက တစ်ကျပ်သား ၂၀၆၈၅၀၀ ဖြစ်ပြီး ရက်ပိုင်းအတွင်း ကျပ် ၁၀၀၀၀ ဝန်းကျင် စျေးထပ်မံမြင့်တက်လာတာဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို ဒေါ်လာ ၁၈၀၀ အထက်မှာပဲ ရှိနေရာကနေ့ ဒီနေ့မှာ တစ်အောင်စကို ၁၇၉၄ ဒေါ်လာကို ပြန်လည်ကျဆင်းသွားပါတယ်။

ပြည်တွင်းမှာ ရွှေစျေးနှုန်းတည်ငြိမ်ဖို့နဲ့ ရွှေကုန်ကြမ်း ပြတ်လပ်မှုမရှိစေဖို့အတွက် ကမ္ဘာရွှေစျေး ၁၈၀၀ အောက် ကျဆင်းတာနဲ့ ပြည်တွင်းကို ရွှေတင်သွင်းဖို့ လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ က ပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းက ပြောကြားထားပါတယ်။ 

ပြည်ပကနေ ရွှေကုန်ကြမ်းတင်သွင်းပါက ဒေါ်လာလိုအပ်ချက် ပိုများလာနိုင်ပြီး ပြည်တွင်း ဒေါ်လာငွေလဲနှုန်းအပေါ်လည်း ထပ်မံ သက်ရောက်လာနိုင်တယ်လို့ ရွှေစျေးကွက် စောင့်ကြည့်သူတွေက မှတ်ချက် ပြုထားကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာ မသိမ်းခင်က ရွှေတစ်ကျပ်သားကို ကျပ် ၁၃ သိန်းဝန်းကျင်မှာပဲရှိခဲ့ပြီး အာဏာသိမ်းပြီး ၁၇ လကျော်အကြာမှာတော့  ကျပ်သိန်း ၂၀၇၀,၀၀၀  ဝန်းကျင်ထိ စံချိန်တင် မြင့်တက်နေတာပါ။ 

စစ်ကောင်စီကတော့  ရွှေစျေးကွက်ကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့  ကြိုးပမ်းနေတာဖြစ်ပေမဲ့ ပြည်တွင်းရွှေစျေးကတော့ ကျဆင်းသွားခြင်း မရှိဘဲ ဆက်လက်မြင့်တက်နေတာပါ။ 

ဒါ့အပြင်ဒေါ်လာငွေလဲနှုန်း ၁ ဒေါ်လာကို  မြန်မာငွေ ၁၈၅၀ ကျပ်နဲ့ ပြည်တွင်းရွှေဈေးကို တွက်ချက် အရောင်းအဝယ်ပြုလုပ်ဖို့ စစ်ကောင်စီကစီမံလာပြီးနောက် ပြည်တွင်းမှာ ရွှေမှောင်ခို စျေးကွက် ဖြစ်ပေါ်လာပြီး တရားဝင်အရောင်းအဝယ်တွေ လျော့ကျလာပါတယ်။

3 months Ago
Up