close

ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးအကျကြောင့် ပြည်တွင်းရွှေဈေး ထပ်မံကျဆင်း

ကမ္ဘာ့ရွှေဈေးနဲ့ ပြင်ပဒေါ်လာပေါက်ဈေး ဆက်လက်ကျဆင်းနေတာကြောင့်  ပြည်တွင်းရွှေဈေး ကျပ် ၂၇ သိန်း ဝန်းကျင်ထိ ထပ်မံကျဆင်းလာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြင်ပဒေါ်လာပေါက်စျေးက တစ်ဒေါ်လာကို ၃၂၀၀ ကျပ် ဝန်းကျင်၊ အခေါက်ရွှေဈေးက  တစ်ကျပ်သားကို ကျပ် ၂၈ သိန်း အထက်မှာရှိခဲ့ပါတယ်။ 

ဒီနေ့ စက်တင်ဘာ ၂၇ ရက်  မွန်းလွဲပိုင်းမှာတော့ ပြင်ပဒေါ်လာပေါက်စျေးက တစ်ဒေါ်လာကို ၃၀၈၀ ကျပ် ၊ အခေါက်ရွှေဈေးက  တစ်ကျပ်သားကို ကျပ် ၂၇ သိန်း ဝန်းကျင်ထိ ကျဆင်းလာခဲ့တာဖြစ်ပါတယ်။

သီတင်းပတ်တစ်ပတ်အတွင်း  တစ်ဒေါ်လာကို မြန်မာငွေ ကျပ် ၁၀၀ ကျော် ၊ ရွှေဈေးက တစ်ကျပ်သားကို ကျပ်တစ်သိန်းကျော် ပြန်လည် ကျဆင်းခဲ့တာပါ။

ကမ္ဘာ့ရွှေစျေးကလည်း ပြီးခဲ့တဲ့သီတင်းပတ်က တစ်အောင်စကို  ၁၆၇၅ ဒေါ်လာ ဝန်းကျင်မှာရှိခဲ့ပြီးတော့  ဒီနေ့ နေ့လည်ပိုင်းမှာ တစ်အောင်စကို ၁၆၃၄ ဒေါ်လာထိ ကျဆင်းလာခဲ့ပြီး တစ်ပတ်အတွင်း  တစ်အောင်စကို ဒေါ်လာ ၄၀ ဝန်းကျင် ကျဆင်းခဲ့ပါတယ်။

“အဓိကကတော့ ဒေါ်လာဈေး ပြန်ကျနေလို့ပါ။ အပြင်ဒေါ်လာဈေး ကျလို့ ရွှေဈေးကျတာပါ။ ကမ္ဘာ့ရွှေဈေး ကျနေတာလည်း ပါပါတယ်။ ဒီနှစ်ခု ဆုံသွားတာပါ။ ဒေါ်လာဈေး အရင်ဒေါ်လာဈေး ပြန်မဖြစ်ရင်တော့ ရွှေဈေးလည်း အရင်ရွှေဈေး ပြန်ဖြစ်ဖို့ မလွယ်ပါဘူး”လို့ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ဒီနေ့ နေ့ခင်းပိုင်း ရန်ကုန်မြို့အတွင်းက ရွှေအရောင်းဆိုင်တွေမှာတော့ အခေါက်ရွှေ တစ်ကျပ်သားကို ၂၇၀၀၀၀၀ ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားကို ၂၅၄၁၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ပြုလုပ်နေကြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့ကတော့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၅ သိန်းအထက်ထိ စံချိန်တင် ရောက်ရှိခဲ့ပြီး၊ ပြင်ပ ဒေါ်လာငွေလဲနှုန်းက ၄၅၀၀ ကျပ်ဝန်းကျင်ထိ မြင့်တက်ခဲ့ပါတယ်။ 

စံချိန်တင်ထိုးတက်နေတဲ့ ရွှေနဲ့ ဒေါ်လာဈေးကို ထိန်းညှိဖို့ ငွေကြေးဈေးကွက်အတွင်းကို ဒေါ်လာသန်း ၂၀၀ ကျော် ထည့်သွင်းခဲ့ပြီး၊ ရွှေဒင်္ဂါးပြားတွေ ထုတ်ရောင်းပေးတဲ့ အစီအစဉ်ကို စစ်ကောင်စီက ဆောင်ရွက်ခဲ့ပြီးတဲ့နောက် ပြင်ပဈေးကွက်မှာ ဒေါ်လာဈေးအထိုက်အလျောက် ပြန်လည်ကျဆင်းလာပြီး၊ ရွှေဈေးလည်းလိုက်ပါကျဆင်းလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက် စျေးကွက်ပေါက်ဈေးနဲ့ ယှဥ်ရင် တစ်လနီးပါးအတွင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်  ၈ သိန်းကျော်၊ အမေရိကန်တစ်ဒေါ်လာကို ၁၅၀၀ ကျပ် ဝန်းကျင်ထိ   ပြန်လည်ကျဆင်းခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up