သြစတြေးလျနိုင်ငံရဲ့ ကမ္ဘာ့အကြီးမားဆုံး သန္တာကျောက်တန်း Great Barrier ရဲ့ ဂေဟစနစ်ဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ပင်လယ်ရေပူနွေးလာမှုတို့ကြောင့် သိသာတဲ့ သက်ရောက်မှုရှိတဲ့အတွက် ဒီ သန္တာကျောက်တန်းကြီးကို မျိုးတုံးအန္တရာယ် ကျရောက်နိုင်တဲ့ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် စာရင်းသွင်းသင့်တယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတဦးက နိုဝင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။
နိုင်ငံစီးပွားရေးအတွက် ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ ဝင်ငွေရရှိစေတဲ့ ဒီသန္တာကျောက်တန်းကြီးကို မျိုးတုံးပျောက်ကွယ်လုနီးပါး စာရင်းထဲမှာ ထည့်သွင်းထိန်းသိမ်းထားဖို့ ကင်ဘာရာအစိုးရက နှစ်ပေါင်းများစွာ စည်းရုံးခဲ့တာပါ။
အမွေအနှစ်တွေ ဆုံးရှုံးသွားစေနိုင်ပြီး ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်မှု လျော့ကျသွားနိုင်တာပါ။
မကြာသေးခင်ကမှ သြစတြေးလျရွေးကောက်ပွဲကနေ တက်လာတဲ့ အလုပ်သမားပါတီ အစိုးရဟာ ဒီသန္တာကျောက်တန်းကြီးကို အကာအကွယ်ပေးဖို့ လာမယ့်နှစ်မှာ ဒေါ်လာ သန်း ၈၀၀ အသုံးပြုမယ်လို့ ကတိပြုထားပြီး ပါလီမန်ကလည်း စက်တင်ဘာလထဲမှာ အတည်ပြုခဲ့ပါတယ်။
ကိုဗစ်ကာလ မတိုင်ခင်က သြစတြေးလျ အရှေ့မြောက်ကမ်းရိုးတန်းမှာရှိတဲ့ Great Barrier သန္တာကျောက်တန်းကြီးကို နှစ်စဉ် ခရီးသွား ၂ သန်းကျော် လာရောက်ခဲ့ပြီး လူပေါင်း ၆၄,၀၀၀ အတွက် အလုပ်အကိုင် ပေးထားနိုင်တယ်လို့ တရားဝင် အချက်အလက်တွေအရ သိရပါတယ်။
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ကြီး ယူနက်စကိုက ဗြိတိန်နိုင်ငံ အင်္ဂလန်နယ်က လီဗာပူးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းကနေ ပယ်ဖျက်လိုက်ပြီလို့ ဇူလိုင် ၂၁ ရက်က ပြောလိုက်ပါတယ်။
လီဗာပူးမြို့ရဲ့ ဗစ်တိုးရီးယားဆိပ်ကမ်းတွေမှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ နှစ်နဲ့ချီ ဆောင်ရွက်အပြီးမှာ ခုလို ပယ်ဖျက်လိုက်တာပါ။
ကမ္ဘာ့အမွေအနှစ်ကော်မတီရဲ့ အဖွဲ့ဝင်တွေက တရုတ်နိုင်ငံမှာ ကျင်းပတဲ့ မဲပေးမှုအပြီးမှာ လီဗာပူးမြို့ကို နိုင်ငံတကာယဉ်ကျေးမှုအဖွဲ့အစည်းရဲ့ စာရင်းထဲကနေ ပယ်ဖျက်သင့်တယ်လို့ ယူနက်စကိုက တွစ်တာလူမှုကွန်ယက်ပေါ်ကနေ ပြောပါတယ်။
ဒီလို မဲပေးခဲ့တာကြောင့် လီဗာပူးမြို့ဟာ တာ့ဂျ်မဟာနဲ့ တရုတ်နိုင်ငံက မဟာတံတိုင်းကြီးတို့လို ကမ္ဘာ့ထင်ရှားတဲ့ နေရာတွေနဲ့ တန်းတူ ၂၀၀၄ ခုနှစ်တည်းက သတ်မှတ်ခံရတဲ့ အဆင့်အတန်းကို ဆုံးရှုံးသွားလိမ့်မယ်လို့ ရိုက်တာ သတင်းမှာရေးပါတယ်။