ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲ (၃၅)ကို ဇန်နဝါရီ ၁၇ ရက် ဒီနေ့ မနက်ပိုင်းက သေနတ်ကိုင် အမျိုးသား တယောက် ဓားပြတိုက်ရာမှာ ဘဏ်ဝန်ထမ်းနဲ့ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့ မနက် ၁၁ နာရီခွဲက ကမ္ဘောဇဘဏ်ခွဲကို အမည်မသိ အမျိုးသားဟာ ဘဏ်အတွင်းသို့ဝင် ကာ သေနတ်နဲ့ဓားမြှောင်ပြပြီး ငွေကျပ် သိန်း ၂၀၀ နီးပါး ဓားပြတိုက်ခဲ့တာလို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။
"သူ့ကို ဘဏ်လုံခြုံရေးက မဝင်ခိုင်းဘူး။ သူက ပိုက်ဆံအပ်ဖို့ ဆိုပြီး ပါလာတဲ့ပိုက်ဆံပြတော့ ဝင်ခွင့်ပြုလိုက်တာ။ အထဲရောက်မှ သေနတ်နဲ့ ဓားမြောင်ပြပြီး လုတာ သိန်း ၁၉၀ လောက် ပါသွားတယ်"
အဲဒီနောက် ဓားပြဟာ ငွေတွေကို ယူဆောင်ကာ ဘဏ်မှ ထွက်ပြေးစဥ် ဘဏ်ဝန်ထမ်းတွေနဲ့ အနီး ပတ်ဝန်းကျင်က လူတွေလိုက်ဖမ်းခဲ့ရာ ဘဏ်နဲ့ မနီးမဝေးမှာ ဖမ်းမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
"ဘဏ်ကလုံခြုံရေးတွေလည်းလိုက်၊ တရားရုံးကို တရားခံ လာပို့တဲ့ အချုပ်ကားက ရဲတွေ ပါလိုက်လို့ မိသွားတာ ငွေတွေ အကုန်ပြန်ရတယ်"
ပြစ်မှုကျူးလွန်သူမှာ ကိုသက်ပိုင်ကျော်ဖြစ်ပြီး ဂျာနယ်လိုက်လံပို့ဆောင်သူ တယောက်ဖြစ်ကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က လမ်းမတော်မြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ ၃၇ ကို ဓားပြ တိုက်ခိုက်ခဲ့သူဖြစ်တယ်လို့လည်း ရဲအရာရှိ တဦးက ပြောပါတယ်။
"သူက ဂျာနယ်ပို့တာ။ ပြီးခဲ့တဲ့လကလည်း လမ်းမတော် ဧရာဝတီဘဏ်ခွဲက သိန်း တရာ လုတဲ့ အမှုလည်းရှိသေးတယ်"
လတ်တလောမှာ ပြစ်ကျူးလွန်သူကို ကျောက်တံတားမြို့မရဲစခန်းမှာ စစ်ဆေး နေတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် သိပ္ပံလမ်းနဲ့ ၆၆ Aလမ်းရှိ ကမ္ဘောဇဘဏ်ခွဲ (၁၉) မှာ စက်တင်ဘာ ၂၆ ရက် မနက် ၁၀ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ဘဏ်နောက်ကျောဘက်ရှိ မီးစက်အနီးမှာ ပေါက်ကွဲတာဖြစ်ပြီး မီးစက် မီးလောင်ကျွမ်းမှုဖြစ်ကာ မီးခိုးတွေ ထွက်လာခဲ့တယ်လို့ သိရပါတယ်။
“တခြား လူထိခိုက်တာကိုတော့ မကြားဘူး။ မီးစက်မီးလောင်တော့ မီးခိုးတွေထွက်လာတယ်။ မီးသတ်တွေ လက်နက်ကိုင် အရပ်ဝတ်တွေလည်း ရောက်လာတယ်။”လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်တဲ့ အနီးမှာ အမျိုးသမီးရေးရာရုံးဘက်က အစောင့် စစ်ကောင်စီတပ်သားတွေ လာရောက်ထိုင်လေ့ရှိပြီး အဆိုပါဗုံးပေါက်ကွဲမှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတော့ မရရှိသေးပါဘူး။
ဗုံးပေါက်ကွဲမှုအပြီး အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီ လက်နက်ကိုင်တွေက လမ်းသွားလမ်းလာပြည်သူတွေကို တားဆီးစစ်ဆေးနေပါတယ်။