close

ကမ်းပါးပြိုကျမှု

close

January 30, 2023

ဖားကန့်တွင် ကမ်းပါးပြိုကျပြီး ရေမဆေးကျောက်ရှာသူ ၄ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာမှာ ဇန်နဝါရီ ၃၀ ဒီနေ့ မနက်ပိုင်းက ကမ်းပါးပြိုကျလို့ ရေမဆေးကျောက်ရှာဖွေသူတွေ  ၄ ယောက် သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်ပေးနေတဲ့ ဒေသခံတွေထံကသိရပါတယ်။

နမ့်မှော် ကျေးရွာအနီး ကျောက်စိမ်း လုပ်ကွက်ဟောင်းတစ်ခုမှာ အမျိုးသား ၄ ယောက် ရေမဆေးကျောက် ရှာဖွေနေစဉ် ကမ်းပါးပြိုကျခဲ့လို့ သေဆုံးခဲ့တာဖြစ်ပါတယ်။

လူမှုကယ်ဆယ်ရေးဝင်ရောက်လုပ်ကိုင်ပေးခဲ့တဲ့ ဒေသခံတစ်ဦးက "  မနက် ၉ နာရီလောက်က ကုမ္ပဏီလုပ်ကွက်ဟောင်းထဲမှာ သူတို့လေးယောက် ကျောက်ရှာနေတုန်း အနောက်ဘက်က ပေတစ်ရာလောက်ရှိတဲ့ကမ်းပါးပြိုကျတာ။ ပွဲချင်းပြီးသေတယ်" လို့ ပြောပါတယ်။

ကမ်းပါးပြိုပြီး သေဆုံးခဲ့တဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရေမဆေးကျောက်ရှာဖွေသူတွေက ဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီး ရှာဖွေရာမှာ  မနက် ၁၀ နာရီ လောက်မှာ တူးဖေါ်ရရှိခဲ့ပါတယ်။

ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ က ကျောက်ယမ်းခွဲရာကနေ ကမ်းပါးပြိုကျခဲ့တဲ့အတွက် ရေမဆေးကျောက်ရှာဖွေသူ နှစ်ယောက်သေဆုံးပြီး လေးယောက် ဒဏ်ရာရခဲ့ပါတယ်။

7 mins Ago

August 30, 2021

ကမ်းပါးပြိုကျခဲ့သည့် မြင်းမူကမ်းနားလမ်း ယာယီမြေထိန်းနံရံ ပြုလုပ်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ အမှတ် (၄) ကမ်းနားလမ်း အရှည် ၁၀၀ ပေလောက် မြစ်ကမ်းပါးပြိုကျတဲ့ နေရာတွေကို သြဂုတ် ၂၉ ရက် ညနေ ၆ နာရီခွဲလောက်မှာ ယာယီမြေထိန်းနံရံ ပြုလုပ်ပြီးစီးခဲ့တယ်လို့ မြင်းမူမြို့နယ်မီးသတ်ဦးစီးဌာနကနေ  သိရပါတယ်။

မြင်းမူမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မြို့မအရန်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တွေက မျောတိုင်ရိုက် ဝါးထရံကာ၊ သဲအိတ်ချကာ  ယာယီမြေထိန်းနံရံကို အမြန်ပြုလုပ်ခဲ့ကြတာပါ။

ယာယီမြေထိန်းနံရံ ပြုလုပ်ပြီးစီးခဲ့ပေမဲ့ ဧရာဝတီမြစ်ရေတက်ချိန် ဖြစ်တာကြောင့် ပြန်လည်ပြိုကျမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ယာယီမြေထိန်းနံရံ လုပ်ပေးတာ ကောင်းပါတယ်၊ ဒါပေမဲ့ အခု မြစ်ရေ မြင့်တက်ချိန် ဖြစ်တော့ဘယ်အချိန် ပြန်ပြိုမလဲ မသိဘူး၊ ကားတာယာကွင်းထဲ ကျောက်စလစ်ထည့်ပြီး စီချတာဖြစ်ဖြစ် ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေဖြစ်ဖြစ် လုပ်ပေးစေချင်တယ်” လို့ ဒေသခံတစ်ဦး ပြောပါတယ်။

မြင်းမူမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ သြဂုတ် ၂၉ ရက်က ၁၀၈၅ စင်တာမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ် ရောက်ရှိဖို့  ၂ ပေကျော် (၆၅ စင်တီမီတာ) အလိုမှာ ရောက်ရှိနေတာပါ။

Photo - မြင်းမူမြို့နယ်မီးသတ်ဦးစီးဌာန

1 year Ago
Up