close

ဖားကန့်တွင် ကမ်းပါးပြိုကျပြီး ရေမဆေးကျောက်ရှာသူ ၄ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာမှာ ဇန်နဝါရီ ၃၀ ဒီနေ့ မနက်ပိုင်းက ကမ်းပါးပြိုကျလို့ ရေမဆေးကျောက်ရှာဖွေသူတွေ  ၄ ယောက် သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်ပေးနေတဲ့ ဒေသခံတွေထံကသိရပါတယ်။

နမ့်မှော် ကျေးရွာအနီး ကျောက်စိမ်း လုပ်ကွက်ဟောင်းတစ်ခုမှာ အမျိုးသား ၄ ယောက် ရေမဆေးကျောက် ရှာဖွေနေစဉ် ကမ်းပါးပြိုကျခဲ့လို့ သေဆုံးခဲ့တာဖြစ်ပါတယ်။

လူမှုကယ်ဆယ်ရေးဝင်ရောက်လုပ်ကိုင်ပေးခဲ့တဲ့ ဒေသခံတစ်ဦးက "  မနက် ၉ နာရီလောက်က ကုမ္ပဏီလုပ်ကွက်ဟောင်းထဲမှာ သူတို့လေးယောက် ကျောက်ရှာနေတုန်း အနောက်ဘက်က ပေတစ်ရာလောက်ရှိတဲ့ကမ်းပါးပြိုကျတာ။ ပွဲချင်းပြီးသေတယ်" လို့ ပြောပါတယ်။

ကမ်းပါးပြိုပြီး သေဆုံးခဲ့တဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရေမဆေးကျောက်ရှာဖွေသူတွေက ဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီး ရှာဖွေရာမှာ  မနက် ၁၀ နာရီ လောက်မှာ တူးဖေါ်ရရှိခဲ့ပါတယ်။

ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ က ကျောက်ယမ်းခွဲရာကနေ ကမ်းပါးပြိုကျခဲ့တဲ့အတွက် ရေမဆေးကျောက်ရှာဖွေသူ နှစ်ယောက်သေဆုံးပြီး လေးယောက် ဒဏ်ရာရခဲ့ပါတယ်။

Up