ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ် မိုးဗြဲ-ပီကင်းလမ်းကို ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားလိုက်ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ မိုးဗြဲမြို့နေရာအနှံ့ အပြားမှာ နေရာယူထားတဲ့အပြင် တင့်ကား ၁ စီးပါ ထိုးစစ်ဆင်ပြင်ဆင်နေတဲ့အတွက် အချိန်မရွေး တိုက်ပွဲပြင်းထန်လာနိုင်တဲ့လို့ ဖေဖော်ဝါရီ ၇ ရက်ကစပြီး ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် မိဘပြည်သူ ခရီးသွားဧည့်သည်တွေအနေနဲ့ မိုးဗြဲ-ပီကင်းလမ်းကို လုံးဝ ဖြတ်သန်းသွားလာတာ မလုပ်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။
ဒါ့အပြင် မိုးဗြဲမြို့အနောက်ဘက်ရှိ ကျေးရွာတွေဆီကို စစ်ကောင်စီတပ်တွေက တင့်ကားအပါအဝင် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် မိုးဗြဲမြို့အနောက်ဘက်က ကျေးရွာတွေမှာ နေထိုင်တဲ့ မိဘပြည်သူတွေအနေနဲ့ ဘေးကင်းရာသို့ အမြန်ဆုံး ရွှေ့ပြောင်းနေထိုင်ကြဖို့လည်း သတိပေးနှိုးဆော်ထားပါတယ်။
ဒါ့အပြင် လွိုင်ကော်-ဘုရားဖြူလမ်း၊ လွိုင်ကော်-ဇရပ်ဖြူ-ဒေါတမကြီး-ဘောလခဲလမ်း၊ လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ လမ်းမကြီးတွေကိုလည်း သွားလာတာမလုပ်ဖို့ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်က သွားလာခွင့်ကန့်သတ်ထားတဲ့အကြားက လွိုင်ကော်-ဇရပ်ဖြူ၊ ဒေါတမကြီးလမ်းကို အသုံးပြုသွားလာခဲ့တဲ့ အရပ်သားကားတစီး မိုင်းနင်းမိပြီး ၄ ဦး ပွဲချင်းပြီးသေဆုံးက ၂ ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။
ဖယ်ခုံ၊ မိုးဗြဲအပါအဝင် ကရင်နီ(ကယား)ပြည်နယ်အတွင်း မြို့နယ်တော်တော်များများမှာ တိုက်ပွဲတွေဖြစ်ပွားနေသလို တိုက်ပွဲမရှိတဲ့ မြို့နယ်တွေမှာ လမ်းတွေပိတ်ဆို့နေတဲ့အတွက် အစားသောက်တွေ ပြတ်လပ်ပြီး ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရပါတယ်။
စစ်ကောင်စီဘက်ကလည်း ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနဲ့ ရှားတောမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး (မာရှယ်လော) ထုတ်ပြန်ထားသလို စစ်ရှောင်စခန်းတွေကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် စစ်ရှောင်စခန်းတချို့ နေရာထပ်မံ ရွှေ့ပြောင်းနေရကာ ပိုမိုခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ကယား(ကရင်နီ)ပြည်နယ်မှာ စစ်ကောင်စီတပ်သားတွေက အရပ်သားတွေ၊ စစ်ရှောင်တွေ နေထိုင်ရာ နေရာတွေကို လက်နက်ကြီးနဲ့ နေစဉ် ပစ်ခတ်နေတာကြောင့် သီတင်း နှစ်ပတ်အတွင်း ကလေးငယ် တယောက် အသက်ဆုံးရှုံးခဲ့ပြီး ပြည်သူ ၂၈ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၁ ရက်မှ ၁၅ ရက်အထိ လွိုင်ကော်မြို့မှာ နေအိမ် ၃၈ လုံး ပျက်စီးကာ အရပ်သား ၁၂ ယောက် ဒဏ်ရာရခဲ့သလို ဒီးမော့ဆို မှာ နေအိမ် ၁၃ လုံး ပျက်စီးပြီး အရပ်သား ၁ ယောက်သေဆုံး၊ ၈ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ ဖရူဆိုမြို့မှာ နေအိမ် ၃ လုံးနဲ့ ဖယ်ခုံမြို့မှာ နေအိမ် ၇ လုံး ပျက်စီးကာ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အရပ်သားတွေ၊ စစ်ရှောင်တွေ နေထိုင်ရာနေရာကို လက်နက်ကြီးနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ လူ့အခွင့်အရေးကိုချိုးဖောက်၊ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်တယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC က အပြင်းအထန် ရှုတ်ချထားပါတယ်။
ဒါအပြင် နိုင်ငံတကာ သံတမန်တွေဟာလည်း စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နှုတ်ဆိတ်မနေဘဲ လူသားချင်းစာနာမှုနဲ့ ထိရောက်တဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို လုပ်ဆောင်ဖို့ KSCC က တိုက်တွန်းထားပါတယ်။