close

ကယားပြည်နယ်၌ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံး၊ ပြည်သူ ၂၈ ဦး ဒဏ်ရာရ

ကယား(ကရင်နီ)ပြည်နယ်မှာ စစ်ကောင်စီတပ်သားတွေက အရပ်သားတွေ၊ စစ်ရှောင်တွေ နေထိုင်ရာ နေရာတွေကို လက်နက်ကြီးနဲ့ နေစဉ် ပစ်ခတ်နေတာကြောင့် သီတင်း နှစ်ပတ်အတွင်း ကလေးငယ် တယောက် အသက်ဆုံးရှုံးခဲ့ပြီး ပြည်သူ ၂၈ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC က ထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၁ ရက်မှ ၁၅ ရက်အထိ လွိုင်ကော်မြို့မှာ နေအိမ် ၃၈ လုံး ပျက်စီးကာ အရပ်သား  ၁၂ ယောက် ဒဏ်ရာရခဲ့သလို ဒီးမော့ဆို မှာ နေအိမ် ၁၃ လုံး ပျက်စီးပြီး အရပ်သား ၁ ယောက်သေဆုံး၊ ၈ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ဖရူဆိုမြို့မှာ နေအိမ် ၃ လုံးနဲ့ ဖယ်ခုံမြို့မှာ  နေအိမ် ၇ လုံး ပျက်စီးကာ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်ဟာ အရပ်သားတွေ၊ စစ်ရှောင်တွေ နေထိုင်ရာနေရာကို လက်နက်ကြီးနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ လူ့အခွင့်အရေးကိုချိုးဖောက်၊ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်တယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC က အပြင်းအထန် ရှုတ်ချထားပါတယ်။

ဒါအပြင် နိုင်ငံတကာ သံတမန်တွေဟာလည်း စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နှုတ်ဆိတ်မနေဘဲ လူသားချင်းစာနာမှုနဲ့ ထိရောက်တဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို လုပ်ဆောင်ဖို့ KSCC က တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up