close

ကရင်နီပြည်

close

March 27, 2023

ကရင်နီပြည်တွင် စစ်အုပ်စုက တိုက်လေယာဉ်များသုံးပြီး ပစ်ခတ်မီးရှို့သည့် ဒရုန်းမှတ်တမ်း KNDF ထုတ်လွှင့်(ရုပ်သံ)

ကရင်နီပြည်နယ်ထဲမှာ စစ်ကောင်စီက တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အသုံးပြုပြီး ကျေးရွာတွေကို ပစ်ခတ်မီးရှို့ခဲ့တဲ့ ဒရုန်းမှတ်တမ်းရုပ်သံကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့လည် ၁၂ နာရီကျော်လောက်က အကြမ်းဖက်စစ်ကောင်စီဟာ တိုက်လေယာဥ် ၁ စီး ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးတို့နဲ့ ဒီးမော့ဆိုမြို့နယ် ၊ ဒေါတမကြီး ကျေးရွာထဲကို တိုက်ပွဲဖြစ်ပွားခြင်း မရှိချိန်မှာ လှည့်ပတ်ပြီးတော့ ၄ ကြိမ်လောက် လာရောက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုကြောင့် ကျေးရွာလမ်းမကြီးအပေါ်ဘက်တကြောလုံးက နေအိမ်အလုံး ၁၀၀ ဝန်းကျင် မီးလောင်ကျွမ်းခဲ့ရပြီး ကရင်နီပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိခဲ့ဘဲ မတ် ၂၅ ရက်မနက် ၁ နာရီခွဲလောက်မှာလည်း ဒေါတမကြီးကျေးရွာ တောင်ပေါ်ကို တိုက်လေယာဥ်နဲ့ ၄ ကြိမ် ဗုံးကြဲခဲ့တယ်လို့ KNDF က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၁၁ ရက်ကလည်း ဒေါညင်းခူကျေးရွာထဲက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ရွာထဲမှာ ကျန်ရှိခဲ့တဲ့ ဒေသခံတွေရဲ့ ဆိုင်ကယ်တွေကိုလည်း ဘုန်းကြီးကျောင်းဝန်းအတွင်းထည့်ကာ မီးရှို့ ဖျက်ဆီးထားခဲ့တာကို KNDF ETD ဌာနက ရိုက်ယူထားခဲ့တဲ့ ဒရုန်းမှတ်တမ်းတွေထဲ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

အလားတူ မတ် ၁၅ ရက်ကလည်း ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းက ၁၂၀ မမ လက်နက်ကြီးတွေပစ်ခက်ခဲ့ရာ ဒေါတမကြီးကျေးရွာထဲကို ကျရောက်ပြီးတော့ ​နေအိမ် ၃ လုံး မီးလောင် ပျက်ဆီးခဲ့သလို ထိတွေ့တိုက်ပွဲတွေအတွင်း ဒေါတမကြီး ၊ ဒေါဆိုဖျကျေးရွာတွေအတွင်းက နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တဲ့အပြင် ဒေသခံတချို့ကို ဖမ်းဆီးသတ်ဖြတ်တာတွေကိုပါ ပြုလုပ်ထားပြီး ပျောက်ဆုံးနေတဲ့ ဒေသခံရွာသားတွေလည်း ရှိနေတယ်လို့ KNDF က ပြောပါတယ်။

KNDF အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်လုပ်ရပ်တွေနဲ့ စစ်ရာဇဝတ်မှု မှတ်တမ်းတွေကို စုဆောင်းနေပြီး သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း ပေးပို့သွားမယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ ဒေါတမကြီး ၊ ဒေါဆိုဖျ ၊ ဒေါညင်းခူ ကျေးရွာတွေတလျှောက် စစ်ကြောင်းထိုး လှုပ်ရှားတာတွေ ဆက်ပြီးတော့ ပြုလုပ်နေသေးတာကြောင့် အဆိုပါ ကျေးရွာတွေအနီး ပြည်သူလူထုအနေနဲ့ ဖြတ်သန်း သွားလာတာတွေ ၊ နေအိမ်ပြန်ကြည့်တာတွေ မပြုလုပ်ကြဖို့နဲ့ ဘေးကင်းလုံခြုံရေးကို အလေးထားကာ စစ်ရေးသတိရှိစွာ နေထိုင်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

လက်ရှိကာလ မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု တွေမှာ အဘက်ဘက်က ကျဆင်းနေတာဖြစ်ကာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ် နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင် သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

ကရင်နီပြည်ကတော့ နွေဦးတော်လှန်ရေးကာလ ၂ နှစ်ကျော်အတွင်း တိုက်ပွဲအရှိန်တွေ ပြင်းထန်နေတဲ့ ဒေသတခုဖြစ်ကာ ပြီးခဲ့တဲ့ မတ် ၁၆ ရက်တုန်းကတော့ ကရင်နီ (ကယား) ပြည်နယ်၊ သံလွင်အရှေ့ခြမ်းရှိ  စစ်ကောင်စီစစ်တပ် ခလရ ၁၃၅ ရှေ့တန်းစခန်းကို ကရင်နီ ကွန်မန်ဒိုတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ကရင်နီကွန်မန်ဒိုတပ်ဖွဲ့က အဆိုပါ စခန်းကို မတ် ၁၆ ရက်နေ့ ညနေ ၅ နာရီကနေ ၆ နာရီအထိ တနာရီကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အလောင်း ၃ လောင်း၊ လက်နက်ခဲယမ်းတွေနဲ့ ဆက်သွယ်ရေးစက်ကြီး တလုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

36 seconds Ago

March 5, 2023

ဖေဖော်ဝါရီလအတွင်း ကရင်နီပြည်တွင် တိုက်ပွဲ ၃၅ ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်က ၄၅ ဦးသေဆုံး

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲအကြိမ်ရေ ၃၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၅ ယောက်သေဆုံးကာ ၁၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီ အမျိုးသား များကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း ကရင်နီပူးပေါင်းတပ်တွေက လက်နက် ၃၄ လက်၊ ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့ပြီး KNDF ဘက်ကတော့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရကာ ကျဆုံးသွားတဲ့ ရဲဘော်တွေကို အမျိုးသားအာဇာနည်အဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်းလည်း ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ပထမပတ်အတွင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင်းရှိ ဘုရားစေတီ ကုန်းပေါ်နဲ့ မြို့ဘေးပတ်ဝန်းကျင်ရှိ  အနီးတဝိုက်ကျေးရွာတွေအတွင်း တပ်အင်အားဖြည့် တင်းလာတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။  

ဖေဖော်ဝါရီ ၂၄ ရက်မှာတော့ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအဝင်က စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ဂိတ်စခန်း ကို စွန့်ခွာထွက်ပြေးခဲ့ကြတယ်လို့ KNDF က ပြောပါတယ်။ 

ဒါ့အပြင် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာက တောင်မဲတင်းနဲ့ ပင်ပုံကျေးရွာဘက်ကို အကြမ်းဖက်စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်နဲ့ စစ် ကြောင်းထိုးခဲ့တာကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ တစ်ပတ်ကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မတ်လဆန်းအထိ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ တိုက်ပွဲတွေအတွင်း  စစ်ကောင်စီတပ်နဲ့ PNO/PNA ပူးပေါင်းတပ်တွေအထိနာတာကြောင့် လက်နက်ကြီး ပစ်ကူနဲ့ လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့နယ်၊ လွိုင်ကော်-မိုးဗြဲ လမ်းမတလျှောက်က  စစ်ကောင်စီတပ်ရဲ့ လင်ဖုံလေးလမ်းခွဲနဲ့ ကယန်းသာယာလမ်းခွဲက စစ်ဆေးရေးဂိတ်တွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ရှောင်တခင်တိုက်ခိုက်ခဲ့ကြသလို လက်နက်ကြီးတွေနဲ့ အရပ်သားပြည်သူတွေကိုတိုက်ခိုက်နေတဲ့  လွိုင်ကော်မြို့နဲ့ လွိုင်လင်လေးမြို့အခြေစိုက် တပ်ရင်းတွေကိုလည်း KNDF က တန်ပြန်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ရှားတောမြို့နယ်မှာတော့ ကရင်နီတပ်မတော်(KA)နဲ့ KNDF တို့က စစ်ကောင်စီ  ရိက္ခာယာဥ်တန်းတွေကို ဖြတ်တောက် တိုက်ခိုက်တာတွေ၊ ရှေ့တန်းကုန်းစခန်းတွေကို တိုက်ခိုက် တာ၊ လှုပ်ရှားစစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖရူဆိုမြို့နယ်မှာတော့ အမှတ် (၁၄) စစ်လေ့ကျင့်ရေးကြောင်းက လှုပ်ရှားထွက်လာတဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်တာတွေ၊ စစ်ကောင်စီတပ် ကင်းပုန်းစခန်းတွေကို ကရင်နီ တပ်မတော်(KA) နဲ့ KNDF တို့ကတိုက်ခိုက်ခဲ့တယ် ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီလအတွင်း ဒီးမော့ဆို၊ ဖရူဆို၊လွိုင်ကော်၊ဖယ်ခုံမြိုနယ်တွေမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ လက်နက်ကြီးတွေ ပစ်ခတ်တာ၊ စစ်ဘက်-အရပ်ဘက် မခွဲခြားဘဲ စစ်ရှောင်စခန်းတွေ၊ ကျေးရွာတွေ၊ ဘာသာရေး ဆိုင်ရာနေရာတွေကို လေကြောင်းနဲ့ စုစုပေါင်း ၆ ကြိမ်တိုက်ခိုက်ခဲ့ကြပြီး လက်နက်ကြီးနဲ့ တိုက်ခိုက်မှုကြောင့်  ကလေးသူငယ်တွေအပါအဝင် အရပ်သား ၈ ယောက် သေဆုံးခဲ့ရပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်နက်ကြီးထိမှန်မှုကြောင့် လူနေအိမ် ၉ လုံး၊ ဆေးပေးခန်း ၁ ခန်း၊ ဘာသာရေးအဆောက်အဦး ၄ လုံး ပျက်စီးခဲ့ရတယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီးတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

3 weeks Ago
Up