စစ်ကိုင်းတိုင်း ကလေးမြို့က နည်းပညာတက္ကသိုလ်ထဲကို အောက်တိုဘာ ၂၈ ရက် ညက ကလေး PDF အဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီက သတင်း ထုတ်ပြန်ပါတယ်။
ကလေး PDF အဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် လက်လုပ်စိန်ပြောင်း ဗုံးသီး ၁ လုံး ကျောင်းဝန်းထဲက ကျောင်းသား အိပ်ဆောင်နားက ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ ဝန်ထမ်းတွေ ထိခိုက် ဒဏ်ရာ မရဘဲ အိပ်ဆောင်ပြတင်းပေါက်မှန်များ ကွဲအက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကလေး PDF အဖွဲ့ဝင် တဦးက "GTC ကျောင်းအတွင်းမှာ တပ်စွဲနေတဲ့ စစ်သားတွေကို ပစ်ခတ်ခဲ့တာ။ အဆောက်အအုံတွေ ထိခိုက်စေလိုတဲ့ ရည်ရွယ်နဲ့လုပ်ဆောင်ခဲ့တာ မဟုတ်ဘူး"လို့ ဖြေရှင်းပါတယ်။
ကလေးမြို့မှာ လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိပြီး အင်တာနက်လိုင်းဖြတ်ခံထားရတာဟာ ၈ လလောက်ရှိပြီ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့က မြို့မရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့ကို အောက်တိုဘာ ၂၈ ရက် ည ၉ နာရီလောက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
အဲဒီညက ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က လက်နက်ကြီး ၁၃ လုံး ပစ်ခတ်ခဲ့ပြီး မြို့မရဲစခန်း အတွင်း ၇ လုံးနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်း ၃ လုံး ကျရောက်ခဲ့တယ်လို့ သိရ ပါတယ်။
ဓားမဆိုင်းတပ်မတော် (D.M.S.A) မှ တာဝန်ရှိသူက "ရဲစခန်းထဲ ၇ လုံး ကျကွဲတယ်။ အထွေထွေအုပ်ချုပ်ရေးရုံးမှာ ၃ လုံး ကွဲတယ်။ အတွင်းထဲရှိတဲ့ စစ်ကောင်စီအဖွဲ့ ၃ ကောင် သေပြီး ၁၀ ကောင်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ အတွင်းထဲကနေ တရစပ်ပြန်ပစ်ခတ်တာတွေလည်း ရှိပါတယ်။ တပ်ဖွဲ့တွေဘက်ကတော့ အထိခိုက် မရှိခဲ့ပါဘူး" လို့ ပြောပါတယ်။
တိုက်ခိုက်မှုကို ဓားမဆိုင်းတပ်မတော် (D.M.S.A) ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၄ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၂ ရက် ညပိုင်းကလည်း ဆားလင်းကြီးမြို့ရှိ မြို့မရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံးနဲ့ တရားရုံးတို့ကို လက်နက်ကြီးနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက် ၅ မိုင်ခန့်အကွာရှိ နည်းပညာတက္ကသိုလ် (ကလေး) အဝင်ပေါက် တောင်ဘက်ဂိတ်နားမှာ စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီ တပ်သားတွေ မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က PDF Kalay တပ်ရင်း ၂ နဲ့ မိုင်းအဖွဲ့က စစ်ကောင်စီတပ်သား ၄ ယောက် ကင်းအစောင့် လဲလှယ်ရန် သွားချိန် အသင့်တပ်ထားတဲ့ မိုင်း ၂ လုံးနဲ့ ဖောက်ခွဲခဲ့တာလို့ ကလေး PDF တပ်ရင်း ၂ က ထုတ်ပြန်ပါတယ်။
တိုက်ခိုက်ခံရအပြီး စစ်ကောင်စီတပ်သားတွေက အနီးတဝိုက်ကို သေနတ်နဲ့ ခြောက်လှန့်ပစ် ခတ်ခဲ့ပြီး ခရီးသွားတွေကို စစ်ဆေးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
မိုင်းဖောက်ခွဲပြီးနောက် ရဲဘော်တွေကို ဘေးကင်းရာ ချက်ချင်းရွှေ့ရတာမို့ ထိခိုက်ကျဆုံးမှု အခြေအနေနဲ့ပတ်သက်ပြီး အတည်မပြုနိုင်ဘူးလို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
နည်းပညာတက္ကသိုလ်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ကလေးနယ်တောင်ပိုင်းက ကျေးရွာတွေကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိပါတယ်။