close

ကလေးနည်းပညာတက္ကသိုလ်၊ ဆားလင်းကြီးရဲစခန်းနှင့်ထွေ/အုပ်ရုံးတို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း ကလေးမြို့က နည်းပညာတက္ကသိုလ်ထဲကို အောက်တိုဘာ ၂၈ ရက် ညက  ကလေး PDF အဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီက သတင်း ထုတ်ပြန်ပါတယ်။

ကလေး PDF အဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် လက်လုပ်စိန်ပြောင်း ဗုံးသီး ၁ လုံး ကျောင်းဝန်းထဲက ကျောင်းသား အိပ်ဆောင်နားက ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ ဝန်ထမ်းတွေ ထိခိုက် ဒဏ်ရာ မရဘဲ အိပ်ဆောင်ပြတင်းပေါက်မှန်များ ကွဲအက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ကလေး PDF အဖွဲ့ဝင် တဦးက "‌GTC ကျောင်းအတွင်းမှာ တပ်စွဲနေတဲ့ စစ်သားတွေကို ပစ်ခတ်ခဲ့တာ။ အဆောက်အအုံတွေ ထိခိုက်စေလိုတဲ့ ရည်ရွယ်နဲ့လုပ်ဆောင်ခဲ့တာ မဟုတ်ဘူး"လို့ ဖြေရှင်းပါတယ်။

ကလေးမြို့မှာ လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိပြီး အင်တာနက်လိုင်းဖြတ်ခံထားရတာဟာ ၈ လလောက်ရှိပြီ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့က မြို့မရဲစခန်းနဲ့  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့ကို အောက်တိုဘာ ၂၈ ရက် ည ၉ နာရီလောက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

‌အဲဒီညက ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က လက်နက်ကြီး ၁၃ လုံး ပစ်ခတ်ခဲ့ပြီး မြို့မရဲစခန်း အတွင်း ၇ လုံးနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်း ၃ လုံး ကျရောက်ခဲ့တယ်လို့ သိရ ပါတယ်။

ဓားမဆိုင်းတပ်မတော် (D.M.S.A) မှ တာဝန်ရှိသူက "ရဲစခန်းထဲ ၇ လုံး ကျကွဲတယ်။ အထွေထွေအုပ်ချုပ်ရေးရုံးမှာ ၃ လုံး ကွဲတယ်။ အတွင်းထဲရှိတဲ့ စစ်ကောင်စီအဖွဲ့ ၃ ကောင်‌ သေပြီး ၁၀ ကောင်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ အတွင်းထဲကနေ တရစပ်ပြန်ပစ်ခတ်တာတွေလည်း ရှိပါတယ်။ တပ်ဖွဲ့တွေဘက်‌ကတော့ အထိခိုက် မရှိခဲ့ပါဘူး" လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို ဓားမဆိုင်းတပ်မတော် (D.M.S.A)  ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၄ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

အောက်တိုဘာ ၂၂ ရက် ညပိုင်းကလည်း ဆားလင်းကြီးမြို့ရှိ မြို့မရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံးနဲ့ တရားရုံးတို့ကို  လက်နက်ကြီးနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up