close

ကလေးမြို့နယ်တောင်ပိုင်း

close

April 10, 2022

ကလေးမြို့နယ်တောင်ပိုင်း တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ၂ ဦးကျဆုံး

ကလေးမြို့နယ်တောင်ပိုင်းမှာ ဧပြီ ၉ ရက်နေ့ညနေပိုင်းက စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ဟာ ကြံသာရွာကနေ အောင်သာယာ၊ အောင်မင်္ဂလာနဲ့ ရှားဖိုရွာတွေဘက် စစ်ကြောင်းထိုးလာစဉ် PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

PDF (Kalay)၊ CDF (KKG)၊ RKDF၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေန့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၁ နာရီလောက် ဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဘက်က ၂ ဦး ကျဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အတည်မပြုနိုင်သေးဘူးလို့  ကလေး PDF က ထုတ်ပြန်ထားပါတယ်။

ကလေမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးစစ်ဆင်နေပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးကာ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ကြံသာကျေးရွာမှာ တပ်စွဲထားပြီး အောင်မင်္ဂလာနဲ့ အောင်သာယာကျေးရွာဘက်တွေကို လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်နေတာကြောင့် ဒေသခံတွေ မင်းလှကျေးရွာ စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေကြရပါတယ်။

လတ်တလောမှာလည်း ကလေး-‌ဂန့်ဂေါလမ်းပိုင်းပေါ် တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံတွေအနေနဲ့ ခရီးသွားလာတာတွေ မပြုလုပ်ကြဖို့ ကလေး PDF က မေတ္တာရပ်ခံ သတိပေးထားပါတယ်။

10 mins Ago

March 18, 2022

ကလေးမြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ချောင်းခွရွာနဲ့ အောင်ချမ်းသာရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မတ် ၁၇ ရက် မနက် ၇ နာရီခွဲလောက်မှာ PDF (Kalay) က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက မနက်အစောကြီး ချောင်းခွရွာကနေ အောင်ချမ်းသာရွာဘက် စစ်ကြောင်းထိုးလာတယ်။ အဲလိုလာနေတယ်ဆိုတာကို ကျမတို့ PDF (Kalay) တပ်ဖွဲ့က သတင်းအတိအကျ ရထားလို့ ကြိုတင်ပြင်ဆင်ထားတယ်။ သူတို့ မိုင်းကွင်းထဲ ရောက်လာတာနဲ့ ကျမတို့အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ထိခိုက်သေဆုံးတာ များနိုင်တယ်လို့ ထင်တယ်။ ကျမတို့ PDF တွေဘက်ကတော့ နယ်မြေကျွမ်းကျင်တာကို အသုံးချနိုင်ခဲ့တာမို့ ထိခိုက်ကျဆုံးတာ မရှိဘူး။”

အဆိုပါ စစ်ကောင်စီတပ်ဟာ နတ်မြောင်းရွာနဲ့ နတ်ချောင်းရွာမှာ တပ်စွဲနေထိုင်နေတာလို့လည်း သိရပါတယ်။

မတ် ၁၇ ရက် မနက် ၁၀ နာရီဝန်းကျင်လောက်မှာလည်း နတ်ချောင်းရွာဘက်က နောက်ချန်စစ်ကားယာဉ်တန်း ထွက်ခွာလာခဲ့ရာ ပန်းမွန်ချောင်းတံတားနားအရောက် PDF (Kalay) တပ်ဖွဲ့က ထပ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ကြောင်းထိုးရာ လမ်းကြောင်းတလျှောက် လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး မနက် ၁၀ နာရီခွဲလောက်မှာ အောင်ချမ်းသာရွာအတွင်း ဝင်ရောက်ကာ ကျေးရွာက နေအိမ် ၂၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ရွာတွင်းပိတ်မိနေတဲ့ ဒေသခံ အယောက် ၂၀ ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဒီနောက် ၁၉ ဦးကို ဟဲလုပ်ရွာနဲ့ ခွေကြိမ်ရွာအကြားမှာ ပြန်လွှတ်ပေးခဲ့ပေမဲ့  ၁ ဦးကို ခွေကြိမ်ရွာဘက်ဆီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ကျဆုံးမှုအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

3 weeks Ago
Up