ကလေးမြို့နယ်တောင်ပိုင်း တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ၂ ဦးကျဆုံး

ကလေးမြို့နယ်တောင်ပိုင်းမှာ ဧပြီ ၉ ရက်နေ့ညနေပိုင်းက စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ဟာ ကြံသာရွာကနေ အောင်သာယာ၊ အောင်မင်္ဂလာနဲ့ ရှားဖိုရွာတွေဘက် စစ်ကြောင်းထိုးလာစဉ် PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
PDF (Kalay)၊ CDF (KKG)၊ RKDF၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေန့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၁ နာရီလောက် ဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဘက်က ၂ ဦး ကျဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အတည်မပြုနိုင်သေးဘူးလို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။
ကလေမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးစစ်ဆင်နေပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးကာ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ကြံသာကျေးရွာမှာ တပ်စွဲထားပြီး အောင်မင်္ဂလာနဲ့ အောင်သာယာကျေးရွာဘက်တွေကို လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်နေတာကြောင့် ဒေသခံတွေ မင်းလှကျေးရွာ စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေကြရပါတယ်။
လတ်တလောမှာလည်း ကလေး-ဂန့်ဂေါလမ်းပိုင်းပေါ် တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံတွေအနေနဲ့ ခရီးသွားလာတာတွေ မပြုလုပ်ကြဖို့ ကလေး PDF က မေတ္တာရပ်ခံ သတိပေးထားပါတယ်။