close

ကလေးအကျဉ်းထောင်

close

January 4, 2023

မုံရွာထောင်နှင့် ကလေးအကျဥ်းထောင်မှ အကျဉ်းသား ၁၅၀ ခန့် ပြန်လွတ်

စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်ကနေ ဒီကနေ့ ဇန်နဝါရီ ၄ ရက်‌ လွတ်လပ်ရေးနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား ၃၄ ဦး အပါအဝင် အကျဉ်းသား ၇၄ ဦး ပြန်လွတ်လာတယ်လို့ ထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

နီးစပ်သူ ဒေသခံတဦးက‌ “ပြန်လွတ်လာသူတွေထဲမှာ အမျိုးသား ၆၄ ယောက်နဲ့ အမျိုးသမီး ၁၀ ယောက်လွတ်ပြီး ပုဒ်မ ၅၀၅(က) နဲ့ ပြန်လွတ်လာသူ အမျိုးသား အမျိုးသမီး ၃၄ ယောက် လွတ်လာတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက သူတို့အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖမ်းဆီးထားတဲ့သူတွေကို အခါကြီးရက်ကြီး နေ့ထူး‌နေ့မြတ်တွေမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးပေမဲ့ ၅ လ ခံဝန်ကတိ လက်မှတ်ရေးထိုးခဲ့ရတယ်လို့ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားတဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့အကျဥ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၇၇ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရတယ်လို့ သိရပါတယ်။

အဲဒီထဲမှာ ကလေးအကျဉ်းထောင်က လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေထဲမှာ အကျဥ်းသား ၆၆ ဦးနဲ့ အကျဉ်းသူ ၁၁ ဦး၊ စုစုပေါင်း ၇၇ ဦး လွတ်ငြိမ်းသက်သာခွင့်ရတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ကလေးအကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်ပါတယ် ဆိုတာကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဇန်နဝါရီ ၄ ရက် ဒီနေ့မှာ စစ်ကောင်စီက ၇၅ နှစ်ပြည့် စိန်ရတုလွတ်လပ်ရေး‌‌နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဉ်းသား ၇,၀၀၀ ကျော် ပြန်လွှတ်ပေးခဲ့တာပါ။

3 hours Ago

March 16, 2022

ကလေးအကျဉ်းထောင်၌ CNDF ရဲဘော်အပါအဝင် ၇ ဦး ပစ်သတ်ခံရ

ကလေးအကျဉ်းထောင်တွင်းမှာ ထောင်အာဏာပိုင်တွေက ပစ်သတ်လို့ သေဆုံးခဲ့တဲ့ အကျဉ်းသား ၇ ဦးထဲမှာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့- CNDF မှ ရဲဘော် ဆလိုင်း ရှလွန်ရှန်းထန်းလျန်(ခ) ဗန်ဒိန်း ပါဝင်ပြီး အမျိုးသားတော်လှန်ရေးအတွက် ပေးဆပ်မှုအပေါ် လေးစားဂါဝရပြုတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က  သတင်းထုတ်ပြန်ပါတယ်။

ကလေးအကျဉ်းထောင်တွင်း  မတ် ၁၅ ရက်ညနေက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ အချုပ်သား ၆ ဦးနဲ့ အကျဉ်းသား ၁ ဦး စုစုပေါင်းပေါင်း ၇ ဦး သေဆုံးခဲ့ပြီး အချုပ်သား ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားတာပါ။

အကျဉ်းထောင်ဝန်ထမ်းအရာရှိတွေကို  ဖမ်းဆီးပြီး ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်သတ်တာဖြစ်တယ်လို့ စစ်ကောင်စီပြန်ကြားရေးရဲ့ ဝါဒဖြန့်မီဒီယာတွေက ထုတ်ပြန်ထားပါတယ်။ 

ဒါဟာ အဖြစ်မှန်မဟုတ်ဘဲ စစ်ကောင်စီက လုပ်ကြံသတင်းထုတ်ထားတာဖြစ်တယ်လို့  နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ 

ချင်းအမျိုးသားအဖွဲ့ချုပ်  CNO ပြန်ကြားရေးတာဝန်ခံဖြစ်သူက “ဒီကောင်တွေရဲ့ ယုတ်မာမှုလို့ပဲမြင်တယ်။ ကလေးတွေက ကိုယ်ပိုင်စဉ်းစားချင့်ချိန် တွေးတောနိုင်တဲ့သူတွေ။ ထောင်ထဲကထွက်ပြေးဖို့ မိုက်ရူးရဲဆန်တဲ့ပုံစံမျိုးလုပ်မှာမဟုတ်ဘူး”လို့ ပြောပါတယ်။ 

ထောင်ထဲမှာ အပ်တိုတချောင်းတောင်ဆောင်လို့မရတဲ့သူတွေကို သေနတ်နဲ့ပစ်သတ်တာ ဘယ်လိုမှလက်ခံလို့ မရဘူးလို့လည်း ပြောပါတယ်။ 

ကလေးအကျဉ်းထောင်မှာ အချုပ်သား ဗန်ဒိန်း (ဘ) ဦးလျန်ပုန် ဦးဆောင်တဲ့ အကျဉ်းသား၊အချုပ်သား ၅၀ လောက်က အကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူ၊ ဒုတာဝန်ခံအရာရှိ ဦးစီးအရာရှိ ဦးချိုမင်းလတ်နဲ့ ဒုကြီးကြပ်ရေးမှူး ဦးရန်ပိုင်မျိုးတို့ ၃ ဦးကို ဓားစာခံပြုလုပ်ပြီး အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြံစည်ကြိုးစားတာကြောင့် ပစ်ခတ်ခဲ့တာလို့ စစ်ကောင်စီ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

ထောင်တာဝန်ခံအရာရှိပါ ၃ ဦးကို ဓားစာခံအဖြစ် ဖမ်းချုပ်စဉ် တာဝန်ခံအရာရှိက ပြန်လည်ခုခံလို့ လွတ်မြောက်သွားခဲ့ပြီး ဗဟိုကင်းပေါ် ချက်ချင်းတက်ရောက်ကာ Hand Speaker နဲ့ ဖမ်းဆီးထားတဲ့ အရာရှိ ၂ ဦးကို ပြန်လွှတ်ပေးဖို့ အကြိမ်ကြိမ် ပြောကြားခဲ့ပေမယ့် လိုက်နာမှုမရှိလို့ MA-11 သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ အချုပ်သားတွေ သေဆုံးဒဏ်ရာ ရခဲ့တာလို့ ဆိုပါတယ်။

ဓားစာခံအဖြစ် ထိန်းသိမ်းခံရတဲ့ ဒုကြီးကြပ်ရေးမှူးရဲ့ ဝဲဘက်လည်ပင်းနဲ့ မေးရိုးတို့မှာ ပြတ်ရှဒဏ်ရာ ၁ ချက်စီ (မစိုးရိမ်ရ) ရရှိသွားပြီး ကလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ကုသပေးနေတယ်လို့ ဆိုပါတယ်။

ထောင်အာဏာပိုင်တွေနဲ့ အကျဉ်းသားတွေအကြား ပြဿနာတက်ကြရာက စစ်တပ်က ဝင်လာကာ အကျဉ်းသားတွေကို ပစ်သတ်ခဲ့တာ ဖြစ်ကြောင်းနဲ့ ပစ်သတ်ခံရသူတွေဟာ နိုင်ငံရေးအကျဉ်းသားတွေ ဒါမှမဟုတ် အဖမ်းခံထားရတဲ့ PDF တွေဖြစ်ပြီး သေဆုံသူ အရေအတွက် ဒီထက်ပိုများနိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ကလေးအကျဉ်းထောင်ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မော်လိုက်လေးကျေးရွာအနီး ကလေး-တမူး ကားလမ်းမှာ တည်ရှိပြီး  ထောင်အနီးပတ်ဝန်းကျင်မှာ လုံခြုံရေးတင်းကျပ်ထားပါတယ်။

Photo-DSINFO

10 months Ago
Up